ရန်ကုန်တိုင်း၊ လှိုင်သာယာအရှေ့ပိုင်းမြို့နယ်ရဲစခန်းမှ ကယ်ထုတ်သွားသည့် မဇွန်ပွင့်လှိုင်နှင့် ၎င်းအားကယ်တင်ပေးခဲ့သူများအား ယနေ့(ဇူလိုင်လ ၂ ရက်)၊ နံနက်ပိုင်းက သန်လျင်မြို့နယ်၊ ဘောသပြေကန်ကျေးရွာအနီးတွင်ပြန်လည်ဖမ်းမိခဲ့ကြောင်း စစ်ကောင်စီဝါဒဖြန့်ချန်နယ်များတွင် ဖော်ပြလာသည်။
မဇွန်ပွင့်လှိုင်အား စစ်ကောင်စီက အကြမ်းဖက်ဥပဒေပုဒ်မ ၅၀ (ည)ဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ကျန်းမာရေးအခြေအနေကြောင့် လှိုင်သာယာမြို့နယ် ဆေးရုံသို့ အရေးပေါ်ဆေးခန်းပြရန် ဇူလိုင်လ ၁ ရက်၊ ည ၇ နာရီခွဲခန့်တွင် ရဲအုပ် ၂ ဦးကခေါ်ဆောင်လာစဉ် စက်မှုဇုန် ၂၊ မင်းကြီးမဟာမင်းခေါင်လမ်းထိပ်တွင် အမျိုးသား ၂ ဦးမှ လာရောက်ပစ်ခတ်ပြီး အမျိုးသမီးကို ကယ်ထုတ်ထွက်ပြေးသွားခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါပစ်ခတ်မှုကြောင့် အမျိုးသားရဲအုပ်မှာ သေဆုံးခဲ့ပြီး အမျိုးသမီး ရဲအုပ်၏ ပခုံးအား ကျည်ဖောက်ဝင် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ထို့နောက် ရဲတပ်ဖွဲ့ဝင်များမှ ရန်ကုန်မြို့ အား ပိတ်ဆို့ရှာဖွေစဉ် ယနေ့ မနက်ပိုင်း၌ မဇွန်ပွင့်လှိုင်နှင့် အတူ ၅ ဦးကို လက်နက်များနှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း စစ်ကောင်စီဝါဒဖြန့်တယ်လီဂရမ် ချန်နယ်များတွင်ဖော်ပြလာခြင်းဖြစ်သည်။
အဆိုပါသတင်းနှင့်ပတ်သက်ပြီး News Hive သတင်းဌာန၏မြေပြင်သတင်းထောက်မှ အသေးစိတ်ကို ထပ်မံစုံစမ်းနေသည်။