မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာသစ်အရေအတွက် ပြန်လည်တက်လာပြီး တစ်ပတ်အတွင်း လူနာသစ် ၅၂ ဦးအထိရှိလာကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ဇွန်လ ၁၆ ရက်တွင် ထုတ်ပြန်လိုက်သည်။
ဇွန်လ ၈ ရက်မှ ၁၅ ရက်အထိ ဓာတ်ခွဲနမူနာ ၂၂၈၅ ခု စစ်ဆေးခဲ့ပြီး ကိုဗစ်အတည်ပြုလူနာတွေ့ရှိမှုအချိုးအစားမှာ ၂.၂၈ ရာခိုင်နှုန်းရှိကြောင်း သိရသည်။
ကိုဗစ်လူနာသစ်များအနက် မွန်ပြည်နယ် ဘီးလင်းမြို့နယ်တွင် အများဆုံးဖြစ်သော ၂၃ ယောက်၊ ရန်ကုန်တိုင်းဒေသကြီးတွင် ၁၇ ယောက်၊ မကွေးတိုင်း ၇ ယောက်၊ မန္တလေးတိုင်း ၂ ယောက်၊ ကျိုက်ထိုမြို့နယ်၊ နေပြည်တော်နှင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း) တို့တွင် အသီးသီး ၁ ယောက်စီ တွေ့ရှိခဲ့ကြောင်း သိရသည်။
လက်ရှိတွင် နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်သည့် ပြင်းထန်သောဖြစ်ပွားမှုများ မတွေ့ရှိသော်လည်း ရောဂါဖြစ်ပွားမှုကို ကြိုတင်ကာကွယ်ရန် ပြည်သူများအနေဖြင့် ကာကွယ်ရေးနည်းလမ်းများအား စည်းကမ်းရှိရှိလိုက်နာသင့်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
အထူးသဖြင့် အသက် ၆၀ နှစ်နှင့်အထက်အသက်အရွယ်ရှိသူများ၊ ဆီးချို၊ ကင်ဆာ၊ နှလုံးသွေးကြောနှင့် အဆုတ်နာတာရှည်ရောဂါရှိသူများ၊ နှင့် သုံးလအထက် ကိုယ်ဝန်ဆောင်မိခင်များအတွက် ကိုဗစ်-၁၉ ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံပေးသွားမည်ဖြစ်ပြီး၊ ဆေးထိုးမှု ခံယူရန် တိုက်တွန်းထားသည်။