ဗိုလ်မှူးချုပ်ဟောင်းချိုထွန်းအောင်ကိုလုပ်ကြံသူများဟုဆိုကာ ၆ နှစ်သမီးအပါအဝင် ၁၆ ဦးကို စစ်ကောင်စီ ဖမ်းဆီး

ပြည်တွင်းသတင်း - နိုင်ငံရေး | Jun 06, 2025

News Thumbnail

ဗိုလ်မှူးချုပ်ဟောင်း ချိုထွန်းအောင်ကို လုပ်ကြံသတ်ဖြတ်ခဲ့သည်ဆိုကာ ၆ နှစ်အရွယ် မိန်းကလေးအပါအဝင် လူ ၁၆ ဦးကို ဖမ်းဆီးထားကြောင်း စစ်ကောင်စီက ထုတ်ပြန်သည်။

Golden Valley Warriors မြို့ပြပြောက်ကျားအဖွဲ့က စစ်ကောင်စီ၏ နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်တွင် လုံခြုံရေးဆိုင်ရာဘာသာရပ်သင်ကြားပေးနေသူ ဝဏ္ဏကျော်ထင်ဘွဲ့ရ အငြိမ်းစား ဗိုလ်မှူးချုပ် ချိုထွန်းအောင်ကို ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ အေဝမ်းလမ်းပေါ်ရှိ နေအိမ်အရှေ့တွင် ပြီးခဲ့သည့် မေလ ၂၂ ရက်က သေနတ်ဖြင့်ပစ်သတ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါအမှုနှင့်ပတ်သက်ပြီး ၆ နှစ်အရွယ်မိန်းကလေးအပါအဝင်စုစုပေါင်း ၁၆ ဦးကို ဖမ်းဆီးထားကြောင်း စစ်ကောင်စီက ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ဗိုလ်မှူးချုပ်ဟောင်း ချိုထွန်းအောင်ကို လုပ်ကြံသတ်ဖြတ်ရာတွင် အသုံးပြုခဲ့သည့် စက်ဘီးအား သုံးဘီးယာဉ်တစီးပေါ် တင်ဆောင်သွားသည်ကို တွေ့ရှိကြောင်း သတင်းပေးမှုအရ စုံစမ်းဖော်ထုတ်ရာ မေလ ၂၃ ရက်နေ့တွင် သုံးဘီးယာဉ်မောင်းကို အဆိုပါ စက်ဘီးနှင့်အတူ မြောက်ဉက္ကလာပမြို့နယ် တွင် ဖမ်းမိခဲ့ကြောင်း စစ်ကောင်စီကထုတ်ပြန်သည်။

ထို့နောက် မေလ ၂၅ ရက်တွင်  ဗိုလ်မှူးချုပ်ဟောင်း ချိုထွန်းအောင်အား လုပ်ကြံသတ်ဖြတ်သူဟုဆိုသည့် အသက် ၂၈ နှစ်အရွယ် ကိုမျိုးကိုကို () စိုင်းကိုကို () ဇင်မင်းထက် () လင်းလက်ဇော်၊ အသက် ၂၄ နှစ်အရွယ် ၎င်း၏ဇနီး မပြုံးပြုံးနှင့် အသက် ခြောက်နှစ်အရွယ် သမီးဖြစ်သူ မလင်းလက်ရွှေတို့ကို ညောင်ဦးမြို့နယ်တွင် ဖမ်းဆီးခဲ့ကြောင်း ဖော်ပြသည်။

ကိုမျိုးကိုကိုသည် ၂၀၂၃ ခုနှစ်အတွင်း သေဆုံးခဲ့သည့် ဉပဒေအတိုင်ပင်ခံ ဦးမင်းတေဇာညွန့်တင်၊ အမျိုးသားဒီမိုကရေစီပါတီသစ်ဉက္ကဌ ဦးသန်းထွန်းတို့ လုပ်ကြံသတ်ဖြတ်ခံရသည့်ဖြစ်စဉ်တွင်လည်း ပါဝင်ကြောင်းစစ်ကောင်စီက စွပ်စွဲထားသည်။

ဗိုလ်မှူးချုပ်ဟောင်းချိုထွန်းအောင်အမှုတွင် အဖမ်းခံရသည့်အမျိုးသမီး ၁ ဦးသည် လုပ်ကြံသတ်ဖြတ်ရာတွင် ပါဝင်ခဲ့ပြီး ဖမ်းဆီးရန်ကျန်သူဟု စစ်ကောင်စီက ဆိုထားသည့် ကိုချစ်ကိုကို () ကျော်ကြီး၏ ဇနီးဖြစ်ကြောင်း သိရသည်။

ထို့ပြင် ဗိုလ်မှူးချုပ်ဟောင်း ချိုထွန်းအောင်အား လုပ်ကြံစဉ် သေနတ်ကျည်ပေါက်ထွက်ပြီး ဘယ်ဘက်ခြေထောက်ဒဏ်ရာရရှိခဲ့သည့် ကိုမျိုးကိုကိုအား ဆေးကုသပေးခဲ့သည့် ရန်ကုန်၊ သာကေတမြို့နယ်ရှိ လင်းအထူးကုဆေးရုံပိုင်ရှင်နှင့် DCS ဆရာဝန်တဦးလည်း ဖမ်းဆီးထားသူများထဲတွင်ပါဝင်ကြောင်း သိရသည်။

ဗိုလ်မှူးချုပ်ဟောင်း ချိုထွန်းအောင်သည် ကမ္ဘောဒီးယားနိုင်ငံသံအမတ်အဖြစ် ဆောင်ရွက်ခဲ့ဖူးပြီး နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ် (NDC)တွင် နိုင်ငံတော်လုံခြုံရေးနှင့် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဘာသာရပ်နှင့် နိုင်ငံတကာဆက်ဆံရေးဘာသာရပ်တို့ကို သင်ကြားခဲ့သူဖြစ်သည်။

🔙 Back to News