မြန်မာနိုင်ငံအပါအဝင် နိုင်ငံ ၁၂ နိုင်ငံမှ နိုင်ငံသားများကို အမေရိကန်နိုင်ငံသို့ဝင်ရောက်ခွင့်ပိတ်ပင်သည့် အမိန့်ကို အမေရိကန်သမ္မတဒေါ်နယ်ထရန့်က လက်မှတ်ရေးထိုးခဲ့ကြောင်း အိမ်ဖြူတော်က ဇွန် ၄ ရက်တွင် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
၁၂ နိုင်ငံတွင် အာဖဂန်နစ္စတန်၊ မြန်မာ၊ ချဒ်၊ ကွန်ဂို၊ အီကွေတိုရီယယ်ဂီနီ၊ အီရစ်ထရီးယား၊ ဟေတီ၊ အီရန်၊ လစ်ဗျား၊ ဆိုမာလီယာ၊ ဆူဒန်နှင့် ယီမင်နိုင်ငံတို့ပါဝင်ပြီး အဆိုပါနိုင်ငံသားများကို ပြည်ဝင်ခွင့် အပြည့်အဝပိတ်ပင်ကြောင်းနှင့်ကန့်သတ်ကြောင်း ဖော်ပြထားသည်။
အခြား ၇ နိုင်ငံဖြစ်သည့် ဘူရန်ဒီ၊ ကျူးဘား၊ လာအို၊ ဆီယာလီယွန်၊ တိုဂို၊ တာ့ခ်မင်နစ္စတန်နှင့် ဗင်နီဇွဲလားနိုင်ငံတို့မှ နိုင်ငံသားများကိုမူ ပြည်ဝင်ခွင့် တစ်စိတ်တစ်ပိုင်း ကန့်သတ်မည်ဖြစ်ကာ ယင်းနိုင်ငံတို့မှ ယာယီအလုပ်ဗီဇာအချို့ကိုမူ ခွင့်ပြုမည်ကြောင်း သိရသည်။
ထိုကြေညာချက်သည် အမေရိကန်၏ ဇွန် ၉ ရက် အရှေ့ပိုင်းစံတော်ချိန် နံနက် ၁၂ နာရီ ၀၁ နာရီတွင် အကျုံးဝင်သက်ရောက်မည်ဖြစ်ကာ ကော်လိုရာဒိုပြည်နယ်၌ ဂျူးဆန္ဒပြပွဲကို ဂက်စ်ဗူးတပ်ကာ မီးလောင်စေသောလက်နက်အဖြစ်အသုံးပြုသောတိုက်ခိုက်မှုဖြစ်ပွားခဲ့ခြင်းကြောင့် ယခုအစီအမံကို ချမှတ်လိုက်ခြင်းဖြစ်ကြောင်း ထရန့်က ဆိုသည်။
ယခုကဲ့သို့ပိတ်ပင်မှုသည် အမေရိကန်ပြည်ထောင်စုက ကနေဒါ၊ မက္ကဆီကိုတို့နှင့်ပူးတွဲအိမ်ရှင်လုပ်သည့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြမည့်အားကစားသမားများကို သက်ရောက်မည် မဟုတ်သကဲ့သို့ ၂၀၂၈ လော့အိန်းဂျလိစ်အိုလံပစ်ပြိုင်ပွဲဝင်အားကစားသမားများကိုလည်း သက်ရောက်မည်မဟုတ်ကြောင်း သိရသည်။