ကျောင်းထိုင်ဘုန်းကြီးက ကျောင်းဒကာမအား ဓားဖြင့်ခုတ်သတ်မှုဖြစ်ပွား

ပြည်တွင်းသတင်း - မှုခင်း | May 24, 2025

News Thumbnail

ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်၊ အောင်ဘုန်းပြည့်ဘုန်းကြီးကျောင်းတွင် ဘုန်းကြီးတစ်ပါးက ကျောင်းသို့ဝင်ထွက်သွားလာကာ အလှူအတန်းပြုလုပ်နေသည့်ဒကာမကိုဓားဖြင့်ခုတ်သတ်မှု မေလ ၂၁ ရက်၊ နံနက် ၁၀ နာရီခန့်တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။ 

ဖြစ်စဉ်မှာ အခင်းဖြစ်နေ့၊ နံနက်ပိုင်းတွင် ဘုန်းကြီးဖြစ်သူက ကျောင်းဒကာမ၏မိခင်ဖြစ်သူနေမကောင်းဖြစ်သည် ဆိုကာ ကျောင်းဒကာမဖြစ်သူအား အကူအညီတောင်းလာရောက်ခိုင်းခဲ့ကြောင်း သိရသည်။

ယင်းအချိန်တွင် ဘုန်းကြီးသည် ကျောင်းဒကာမ၏မိခင်ဖြစ်သူအား သင်္ကန်းသွားလျှော်ခိုင်းထားသည့်အပြင် ကျောင်းအတွင်းရှိ အခြားသံဃာများကိုလည်း ဆွမ်းခံထွက်ခိုင်းထားကြောင်း သိရသည်။

“ ပြန်လာချိန်မှာ ဘုန်းကြီးက ခုတ်သတ်ထားတာကိုတွေ့ရတာပဲ။ တချို့ကလည်း ဘုန်းကြီးက အဓမ္မပြုကျင့်ဖို့ကြိုးစားတာကို ဒကာမကခုခံလို့သတ်တယ်ပြောကြတယ်။ တချို့ပြောကြတာကျ ငွေကြေးကိစ္စ အရှုပ်အရှင်းစကားများတယ်တဲ့။ ဘာအမှန်လဲမသိသေးပေမဲ့ ဘုန်းကြီးက သတ်လိုက်တာတော့ အမှန်ပဲ” ဟု ဘုန်းကြီးကျောင်းနှင့်နီးစပ်သူတစ်ဦးက Newshive သတင်းဌာနသို့ ပြောသည်။ 

အဆိုပါဘုန်းကြီးသည် ပြစ်မှကျူးလွန်ပြီးနောက် ထွက်ပြေးသွားခဲ့သော်လည်း ပြန်လည်ဖမ်းဆီးနိုင်ခဲ့ပြီး သတ်ခံရသူ အသက် ၄၃ နှစ်အရွယ်အမျိုးသမီးအား ရေဝေးသုသာန်၌ သဂြိုလ်ခဲ့ကြောင်း သိရှိရသည်။

🔙 Back to News