လူငယ်များကိုလက်ဖက်ရည်တိုက်ပြီးနောက် နိုင်ငံတော်ကျေးဇူးစောင့်သိကြရန် မင်းအောင်လှိုင်သိမ်းသွင်း

ပြည်တွင်းသတင်း - နိုင်ငံရေး | May 22, 2025

News Thumbnail

မြန်မာနိုင်ငံတွင်မွေးဖွားကြီးပြင်းလာသူတိုင်း နိုင်ငံတော်၏ကျေးဇူးကိုစောင့်သိကြရမည့် တာဝန်ရှိကြောင်း စစ်ခေါင်းဆောင်မင်းအောင်လှိုင်က ပြောသည်။

နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်တွင် မေလ ၂၁ ရက်ကကျင်းပခဲ့သည့် အခြေခံနှင့် တန်းမြင့်ရေကြောင်းလူငယ်သင်တန်းအမှတ်စဉ်(၁/၂၀၂၅)နှင့် အခြေခံနှင့်တန်းမြင့်လေကြောင်း လူငယ်သင်တန်းအမှတ်စဉ်(၁/၂၀၂၅)မှ သင်တန်းသား၊ သင်တန်း သူများနှင့် အုပ်ချုပ်သူနည်းပြများအား တွေ့ဆုံစဉ် ယခုကဲ့သို့ပြောလိုက်ခြင်းဖြစ်သည်။

“ တစ်လုတ်စားဖူး  သူ့ကျေးဇူးဆိုသည့်စကားနှင့်အညီ   ဒီမြေမှာမွေး၊  ဒီမြေမှာ ကြီးပြင်းကြသူများသည် နိုင်ငံတော်၏ကျေးဇူးသစ္စာကို စောင့်သိကြရမည့်တာဝန်ဝတ္တရားရှိကြကြောင်း၊ အလားတူ မိမိအပေါ် ပြုဖူးသည့်    ကျေးဇူးမှန်သမျှကိုလည်း အစဉ်အသိအမှတ်ပြုနိုင်မှသာ လူပီသပြီး လူ့အဖွဲ့အစည်းက အသိအမှတ်ပြုခံရသည့် လူသားများ ဖြစ်လာကြမည်ဖြစ်ကြောင်း” ဟု စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောသည်။

ထို့နောက် တက်ရောက်လာသူများအား လက်ဖက်ရည်ဝိုင်းဖြင့် ဧည့်ခံခဲ့ကြောင်းလည်း သိရသည်။

အဆိုပါ အခြေခံရေကြောင်းလူငယ်သင်တန်းများကို ၂၀၁၄  ခုနှစ်၌ စတင်ဖွင့်လှစ်ပေးခဲ့ကာ တန်းမြင့် သင်တန်းများကို ၂၀၁၅ ခုနှစ်တွင် စတင် ဖွင့်လှစ်ခဲ့ကာ လက်ရှိတွင် စုစုပေါင်းလူငယ် ၁၀၀၉၀ ဦးကို လေ့ကျင့်သင်ကြားပေးနိုင်ခဲ့ကြောင်း သိရသည်။

🔙 Back to News