မြန်မာနိုင်ငံတွင် လာမယ့် ၂၀၂၅ ခုနှစ်၊ နှစ်ကုန်ပိုင်းကျင်းပမည့် ပါတီစုံရွေးကောက်ပွဲကို ရုရှားနိုင်ငံနှင့် တရုတ်နိုင်ငံတို့က ထောက်ခံကြောင်း စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကပြောသည်။
စစ်ခေါင်းဆောင်မင်းအောင်လှိုင်သည် ရုရှားနိုင်ငံသို့ မတ်လ ၇ ရက်တွင်သွားရောက်ကာ ၁၉၄၁-၁၉၄၅ မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ နှစ်(၈၀)ပြည့်အထိမ်းအမှတ်စစ်ရေးပြအခမ်းအနားနှင့် ဆက်စပ်အခမ်းအနားများသို့တက်ရောက်ခဲ့ခြင်းအခြေအနေနှင့်ပတ်သက်ပြီး မတ်လ ၁၀ ရက်တွင် စစ်တပ်ဝါဒဖြန့်မီဒီယာများဖြစ်သည့် MRTV နှင့် MWD တို့၏မေးမြန်းမှုအပေါ် ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။
“ လွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲကို ဒီနှစ်ကုန်ပိုင်းမှာ ကျွန်တော်ဆောင်ရွက်မယ်ဆိုတဲ့ အကြောင်းကိုလည်း ကျွန်တော် သူတို့ကိုရှင်းပြပါတယ်။ ဆွေးနွေးတဲ့လူတွေကတော့ အားလုံးလည်း လက်ခံပြီးတော့မှအားပေးထောက်ခံမှုရှိတာကိုလည်း ကျွန်တော်တွေ့ရပါတယ်” ဟု စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောသည်။
စစ်ကောင်စီသည် ပြီးခဲ့သော ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် အာဏာသိမ်းပြီးနောက် အပြစ်မဲ့ပြည်သူများအား ဖမ်းဆီး၊နှိပ်စက်၊ သတ်ဖြတ်မှုများ ဆက်တိုက်ကျူးလွန်ခဲ့သည်။
ထို့နောက် တိုင်းပြည်အေးချမ်းပါက ရွေးကောက်ပွဲပြန်လည်ကျင်းပပေးမည်ဟုလီဆယ်ကာ စစ်ခေါင်းဆောင်မင်းအောင်လှိုင်သည် ယာယီသမ္မတနေရာကိုပါရယူထားကာ စစ်တပ်အာဏာကို အကြိမ်ကြိမ်သက်တမ်းတိုးနေခဲ့ခြင်းဖြစ်သည်။