ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကွန်ဟိန်းမြို့နယ်၊ တာကော်ကျေးရွာအနီးတွင် ငွေကျပ်သိန်း ၉၁၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၃ ဒသမ ၉ သိန်း၊ ထိန်းချုပ် ဓာတုပစ္စည်းကဖင်း ၂ ဒသမ ၇၂၅ တန်နှင့် အနံ့ဆေးရည် ၆၀၀ လီတာ ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကောင်စီကထုတ်ပြန်သည်။
ဖြစ်စဉ်မှာ ဧပြီလ ၃၀ ရက်၊ နံနက် ၁၀ နာရီတွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကွန်ဟိန်းမြို့နယ်၊ တာကော်ကျေးရွာအနီး မိုင်းပျဉ်းမှကာလိဘက်သို့ ကျော်စွာမြင့်(ခ)လင်းအောင် မောင်းနှင်လာသည့် NISSAN DIESEL ၁၂ ဘီးမော်တော်ယာဉ်နှင့်စိုင်းပညာမောင်းနှင်လာသည့် NISSAN DIESEL ၁၂ ဘီး မော်တော်ယာဉ်တို့ကို သတင်းအရရှာဖွေခဲ့ကြောင်း သိရသည်။
အဆိုပါယာဉ် ၂ စီးပေါ်မှ ဒေသကာလတန်ဖိုး ငွေကျပ်သိန်း ၉၁၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၃ ဒသမ ၉ သိန်း၊ ထိန်းချုပ် ဓာတုပစ္စည်းကဖင်း ၂ ဒသမ ၇၂၅ တန်နှင့် အနံ့ဆေးရည် ၆၀၀ လီတာ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
စစ်ဆေးဖော်ထုတ်ချက်အရ အဆိုပါဖမ်းဆီးရမိမူးယစ်ဆေးဝါးများကို ကျိုင်းတုံမြို့နယ်မှ ကွန်ဟိန်းမြို့နယ်၊ ကာလိမြို့သို့ သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်းသိရှိရပြီး ပြစ်မှုကျူးလွန်သူများအား ဆက်လက်ဖော်ထုတ်နေကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။