တပ်မတော်မှအငြိမ်းစားယူပြီးသည့်တိုင် နိုင်ငံအတွက်လိုအပ်ပါက တက်ကြွစွာ တာဝန်ထမ်းဆောင်ပေးကြသည့်စစ်မှုထမ်းများကိုဂုဏ်ယူကြောင်း စစ်ခေါင်းဆောင်မင်းအောင်လှိုင်က ပြောသည်။
နေပြည်တော်ကောင်စီနယ်မြေ၊ဒက္ခိဏသီရိမြို့နယ်၊ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ ဗဟိုဌာနချုပ်ရှိ ညီလာခံခန်းမတွင် ၂၀၂၅ ခုနှစ်၊ ဧပြီလ ၃၀ ရက်ကကျင်းပသည့် မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ အထူးညီလာခံ(၂၀၂၅) တွင် ယခုကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်သည်။
“ တပ်မတော်ကနေအငြိမ်းစားယူပြီးတဲ့နောက်မှာလည်း “Once a Soldier, always a Soldier” “တစ်ခါစစ်သားဖြစ်ခဲ့ဖူးရင်အမြဲတမ်းစစ်သား ပင်” ဆိုသည့်စကားနှင့်အညီ နိုင်ငံတော်နှင့်နိုင်ငံသားတို့အတွက် လိုအပ်ချိန်တိုင်း နိုးကြားတက်ကြွစွာတာဝန်ထမ်းဆောင်နေကြသည့် ရဲဘော်တို့အတွက် ဝမ်းသာဂုဏ်ယူသည်ကို ပြောကြားလိုပါတယ်” ဟု စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောသည်။
ထို့အပြင် စစ်မှုထမ်းဟောင်းများအနေဖြင့် စစ်တပ်၏ ပြည်သူအပေါ်ထားရှိသော သဘောထားအမှန်များကို ပြည်သူများသိရှိစေရန်ဆောင်ရွက်ကြရန်နှင့် နိုင်ငံတော်၏အကျိုးစီးပွားအတွက် စဉ်ဆက်မပြတ် မျက်စိကိုဖွင့်၊ နားကိုစွင့်ထားကြရန်လည်း မင်းအောင်လှိုင်က အမိန့်ပေးခဲ့သည်။
ပြီးခဲ့သော ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် စစ်ကောင်စီကအာဏာသိမ်းပြီးနောက် အပြစ်မဲ့ပြည်သူများအား ဖမ်းဆီး၊ သတ်ဖြတ်၊နှိပ်စက်မှုများကျူးလွန်ခဲ့သည်။
ထို့နောက် မတရားအာဏာသိမ်းမှုကိုဆန့်ကျင်သော လက်နက်ကိုင်အဖွဲ့အစည်းများနှင့် တိုက်ပွဲများဖြစ်ပွားလာသည်မှာ ၄ နှစ်တာကာလအတွင်းရောက်ရှိလာပြီဖြစ်ပြီး စစ်ကောင်စီသည် စစ်သားအင်အားလိုအပ်ချက်ကြောင့် အနားယူသွားသည့် စစ်မှုထမ်းဟောင်းများကိုလည်း ပြန်လည်ခေါ်ယူ တာဝန်ထမ်းဆောင်စေခြင်းများ ဆောင်ရွက်နေသည်။