ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဦးဆောင်ကာ နိုင်ငံရေးပါတီအသီးသီးပါဝင်သည့် “ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးမှသည် ထာဝရငြိမ်းချမ်းရေးဆီသို့” စကားဝိုင်းဆွေးနွေးပွဲကို ရန်ကုန်တိုင်း၊ ပုဇွန်တောင်မြို့နယ်ရှိ Orchid ဟိုတယ်တွင် ဧပြီ ၂၉ ရက်ကကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါဆွေးနွေးပွဲတွင် လက်နက်ကိုင်လမ်းစဉ်သည် ပြည်သူကို အထိနာမှု အများဆုံးဖြစ်ပေါ်စေ၍ ရွေးကောက်ပွဲမှတဆင့် နိုင်ငံရေးအဖြေရှာသောနည်းလမ်းကိုသွားစေလိုကြောင်း ထည့်သွင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့အပြင် နိုင်ငံအတွင်း ငြိမ်းချမ်းရေးနှင့်ပတ်သက်ပြီး သိသာထင်ရှားသည့်အောင်မြင်မှုမတွေ့ရှိချိန် နိုင်ငံရေးအသိအမြင် ပြည့်ဝသော နိုင်ငံရေးသမားများ၏အထောက်အကူသည် အဓိကလိုအပ်ချက်ဖြစ်လာသည်ဟုလည်း ဖော်ပြထားသည်။
နိုင်ငံတကာတွင် သဘာဝဘေးအန္တရာယ်ဖြစ်ပွားပြီးနောက် နိုင်ငံသားအချင်းချင်းဆွေးနွေးညှိနှိုင်းမှုများမှ ငြိမ်းချမ်းရေးရရှိခဲ့သော သာဓကများ၊ ထာဝရငြိမ်းချမ်းရေးရရှိရေး စစ်တပ်၊ ပြည်သူနှင့် တိုင်းရင်းသားလက်နက်ကိုင်များ၏ ခံယူချက်သဘောထားများ အရေးကြီးမှု၊ နိုင်ငံရေးပါတီများနှင့် မီဒီယာများ တိုင်းပြည်ချစ်စိတ်၊ မျိုးချစ်စိတ်၊ ယုံကြည်ချက်၊ ခံယူချက် ကောင်းမွန်ရန်လိုအပ်မှု၊ နိုင်ငံရေးပါတီများ၏ အခန်းကဏ္ဍ စသည်တို့ကို ဆွေးနွေးပွဲတွင်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဆွေးနွေးပွဲကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဗဟိုအလုပ်အမှုဆောင် ဦးလှသိန်း၊ အမျိုးသားနိုင်ငံရေးမဟာမိတ်များအဖွဲ့ချုပ်ပါတီ အထွေထွေအတွင်းရေးမှူး ဦးကျော်သူအောင်၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီမှ ဒုတိယဥက္ကဋ္ဌ ဦးသိန်းထွန်းနှင့် ပြည်ထောင်စု မြန်မာနိုင်ငံအမျိုးသားနိုင်ငံရေးအဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌ ဦးအေးလွင်တို့က ဦးဆောင်ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။
အဆိုပါဆွေးနွေးပွဲသို့ ရန်ကုန်အခြေစိုက် နိုင်ငံရေးပါတီ ၁၂ ခုမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ - USDP