အိန္ဒိယနိုင်ငံရောက်မြန်မာနိုင်ငံသားများ မူးယစ်ဆေးနှင့်တရားမဝင်အရောင်းအဝယ်များတွင် မပတ်သက်ရန် CRC ထုတ်ပြန်

ပြည်တွင်းသတင်း | Apr 28, 2025

News Thumbnail

အိန္ဒိယနိုင်ငံရောက် မြန်မာနိုင်ငံသားတွေအနေဖြင့် မူးယစ်ဆေးဝါးနှင့်တရားမဝင်ရောင်းဝယ် ဖောက်ကားခြင်းများတွင်ပါဝင်ပတ်သက်ခြင်းမလုပ်ကြရန် ချင်းဒုက္ခသည်ကော်မတီ - နယူးဒေလီ (CRC-NewDelhi) က ဧပြီလ ၂၇ ရက်တွင် ထုတ်ပြန်လိုက်သည်။

အိန္ဒိယနိုင်ငံသည် ဒုက္ခသည် ကွန်ဗင်းရှင်း ( ၁၉၅၁ ခုနှစ်) ကို လက်မှတ်ထားခြင်းမရှိသော်လည်း အိမ်နီးချင်းကောင်းပီသစွာ မြန်မာနိုင်ငံသားများအားခိုလှုံခွင့်ပြုထားခြင်းကို ကျေးဇူးတင်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ အဓိကကတော့ အိမ်ရှင်နိုင်ငံကိုကျေးဇူးသိတတ်ဖို့ပါပဲ။ သူတို့နိုင်ငံကသတ်မှတ်ထားတဲ့ဥပဒေတွေကို လေးစားဖို့နဲ့ ဥပဒေမဲ့လုပ်ရပ်တွေကိုမကျူးလွန်ခြင်းအားဖြင့် ကိုယ့်နိုင်ငံဂုဏ်ကိုလည်း ထိန်းပြီးသားဖြစ်တာပေါ့” ဟု ချင်းဒုက္ခသည်ကော်မတီ - နယူးဒေလီ (CRC-NewDelhi)မှ တာဝန်ရှိသူတစ်ဦးက News Hive သတင်းဌာနသို့ပြောသည်။

အိန္ဒိယနိုင်ငံရောက်မြန်မာနိုင်ငံသားများအနေဖြင့် အိန္ဒိယနိုင်ငံရှိအဖွဲ့အစည်းများနှင့် အစိုးရအာဏာပိုင်များကိုကျေးဇူးသိတတ်သောအားဖြင့် မူးယစ်ဆေးဝါးအပါအဝင် တရားမဝင် ရောင်းဝယ်ဖောက်ကားခြင်းများတွင် လုံးဝပါဝင်ပက်သက်ခြင်းမလုပ်ကြရန်၊ အိန္ဒိယဗဟိုအစိုးရနှင့် ပြည်နယ်အစိုးရများ၊ လူမှုအသင်းအဖွဲ့များမှ အခါအားလျော်စွာ လိုအပ်ချက်အရ ထုတ်ပြန်သော စည်းကမ်းများလိုက်နာကြရန်၊ တည်ဆဲဥပဒေများကို လေးစားလိုက်နာကြရန်၊ မိမိတို့ နေထိုင်နေသော ပတ်ဝန်းကျင်ဒေသခံများနှင့်လိုက်လျောညီထွေစွာ ဆက်ဆံပေါင်းသင်းကြရန်၊ မြန်မာနိုင်ငံသား၊ လူမှုအဖွဲ့အစည်းများအနေဖြင့် မိမိတို့ လူမှုအဖွဲ့အစည်းအသီးသီးသို့ အထက်ပါ အချက်များလိုက်နာဆောင်ရွက်ကြရန် ထပ်ဆင့် ဖြန့်ဝေပေးစေလိုကြောင်း ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံတွင် ပြီးခဲ့သော ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ရက်တွင် စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်း  ချင်းပြည်နယ်မှဒေသခံများအပါအဝင် မြန်မာနိုင်ငံသားများ သွားရောက်တိမ်းရှောင်နေကြကြောင်း သိရသည်။ 

🔙 Back to News