မင်းအောင်လှိုင်က ငလျင်အကြောင်းပြုပြီး နေပြည်တော်ရှိစစ်တပ်ရာထူးကြီးအသိုင်းအဝိုင်း၏ လုံခြုံရေးစနစ်အတွက် ကျပ်ဘီလျံများစွာအသုံးပြုရန်ကြံစည်နေ

ပြည်တွင်းသတင်း - နိုင်ငံရေး | Apr 25, 2025

News Thumbnail

မင်းအောင်လှိုင်၏နေပြည်တော်ပြန်လည်တည်ဆောက်ရေးအစီအစဉ်မှာ ပြည်သူများအတွက်မဟုတ်ဘဲ စစ်တပ်နှင့်၎င်းတို့မိသားစုများ၏အကာအကွယ်စနစ်များအတွက် ကျပ်ဘီလျံနှင့်ချီသုံးစွဲရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း News Hive သတင်းဌာနမှစုံစမ်းရရှိသည်။ 

ငလျင်ဘေးသင့်ပြီးနောက် နေပြည်တော်ရှိ ငလျင်ကြောပေါ်တွင်ရှိသော အဆောက်အဦများကိုပြောင်းရွှေ့ရန်အတွက် မြို့ကွက်အကွက်ချပုံစံပြန်လည်တွက်ချက်ရေးဆွဲမည် ဖြစ်ကြောင်း စစ်ခေါင်းဆောင်မင်းအောင်လှိုင်က ပြီးခဲ့သောဧပြီလ ၁၈ ရက်က အစည်းအဝေးတွင် ပြောကြားခဲ့သည်။

“ မင်းအောင်လှိုင်ရဲ့ရည်ရွယ်ချက်အစစ်အမှန်က အခုတိုက်ပွဲအခြေအနေတွေအရ မတော်တဆ နေပြည်တော်အထိများရောက်လာခဲ့ရင်ဆိုပြီး သူတို့မိသားစုတွေနဲ့အသိုင်းအဝိုင်းတွေအတွက် လုံခြုံရေးစနစ်တွေပိုမြှင့်ဖို့ရည်ရွယ်ထားတာ။ အဲဒီအတွက် ကာကွယ်ရေးစနစ်တွေရော၊ အဆောက်အဦ တည်ဆောက်မှုတွေအတွက် နိုင်ငံခြားက စစ်ဖက်အင်ဂျင်နီယာတချို့ပါ ပါပြီး ဒီဇိုင်းတွေဆွဲနေတယ်။ ဘတ်ဂျက်ကုန်ချင်သလောက်ကုန်ဆိုတဲ့ပုံလုပ်နေတာ” ဟု နေပြည်တော်ရှိ စစ်တပ်အတွင်းသတင်းပေးတစ်ဦးက News Hive သတင်းဌာနသို့ပြောသည်။

လက်ရှိတွင် ငလျင်ဘေးသင့်ခဲ့သည့် အခြားအဆင့်စစ်သားများနှင့်ဝန်ထမ်းများအတွက် ယာယီနေထိုင်ရန် ဓနိမိုး၊ထရံကားအဖြစ်သဘော အခန်းတွဲများတည်ဆောက်ထားပေးသော်လည်း စစ်တပ်အသိုင်းအဝိုင်းမှ ရာထူးကြီးများအတွက် ၂၄ နာရီမီးရရှိသည့်နေရာများတွင် ရိက္ခာအပြည့်အစုံနှင့် ထားရှိထားကြောင်းလည်း သိရသည်။

ငလျင်ဘေးကြောင့် နေပြည်တော်တွင်လည်း ထိခိုက်ဆုံးရှုံးမှုများပြားခဲ့ပြီး စီးပွားရေးလုပ်ငန်း အများစုအပါအဝင် ခရိုနီပိုင်လုပ်ငန်းကြီးများပါ ရပ်တန့်လုနီးပါးဖြစ်နေကြောင်း သိရသည်။

 

🔙 Back to News