မြန်မာနိုင်ငံရှိ ငလျင်ဒဏ်သင့်ဒေသများမှ လူဦးရေ (၄.၃) သန်းကျော်အတွက် ရေသန့်နှင့် သန့်ရှင်းရေးအကူအညီများ အရေးပေါ်လိုအပ်နေကြောင်း United Nation OCHA Myanmar ၏ ထုတ်ပြန်ချက်အရ သိရသည်။
မန္တလေးငလျင်ကြီး လှုပ်ခတ်အပြီး မြန်မာနိုင်ငံရှိ မြို့ကြီးများတွင် ရေပေးရေးစနစ်များ ပျက်စီးကုန်ပြီး ငလျင်ကြောင့် အိမ်သာအလုံးရေ (၄၂,၀၀၀) ကျော် ပြိုကျခဲ့သည့်အပြင် လျှပ်စစ်မီးမမှန်ခြင်းကြောင့် ရေတင်ရာတွင်လည်း အခက်အခဲရှိနေကြောင်း ထုတ်ပြန်ထားသည်။
“ ရေသန့်တင်မဟုတ်ဘူး။ ဆပ်ပြာတို့၊ အိပ်ယာတို့၊ ခေါင်းအုံးတို့အကုန်လိုအပ်နေတယ်။ ပြဿနာက မလိုလားအပ်တဲ့စစ်တပ်ရဲ့ပိတ်ဆို့မှုတွေကြောင့် ထောက်ပံ့မှုတွေက နေရာတိုင်းကိုမရောက်တာပဲ။ ဒီပြဿနာပြေလည်မှပဲ ဒေသအကုန်လုံးဆီ ကယ်ဆယ်ရေးပစ္စည်းတွေရောက်နိုင်မယ်” ဟု မန္တလေးမြို့တွင် ငလျင်ကယ်ဆယ်ရေးကူညီဆောင်ရွက်နေသည့်လူမှုအဖွဲ့အစည်းတစ်ခုမှတာဝန်ရှိသူက ဆိုသည်။
ငလျင်ဘေးဒဏ်ခံရသည့် ထိခိုက်လွယ်သူ (၁) သန်းကို အခြေအနေများ ပိုဆိုးမလာခင် ဘေးကင်းသည့်ရေ၊ အရေးပေါ်အိမ်သာနှင့် တကိုယ်ရေသန့်ရှင်းရေးအကူအညီများပေးသွားရန် လူသားချင်းစာနာသည့်မိတ်ဖက်အဖွဲ့အစည်းများက ရည်မှန်းထားကြကြောင်း United Nation OCHA Myanmar က ထုတ်ပြန်ထားသည်။
သို့သော် ကူညီမှုများရှိနေသော်လည်း နေပြည်တော်တွင် ကယ်ဆယ်ရေးပစ္စည်းများပုံနေပြီး လိုအပ်သည့်နေရာများရောက်ရှိရန်လိုအပ်သည်ထက်ကြန့်ကြာနိုင်ကြောင်း နေပြည်တော်အသိုင်းအဝိုင်းက သုံးသပ်ထားသည်။