ပဲခူးတိုင်း၊ မင်းလှမြို့နယ်၊ ဆင်တဲကုန်းကျေးရွာသို့ စစ်ကောင်စီတပ်များက ဧပြီလ ၁၈ ရက်၊ နံနက်ပိုင်းတွင် ဝင်ရောက်ပြီး လုံခြုံရေးစစ်ဆေးရန်အကြောင်းပြကာ ရွာသား ၇ ဦးအား ဖမ်းဆီးသွားကြောင်း သိရသည်။
ဆင်တဲကုန်းကျေးရွာအတွင်းသို့ စစ်ကောင်စီတပ်သား ၇၀ ဝန်းကျင်ပါရှိသောကားများဖြင့် ဝင်ရောက်ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း သိရသည်။
“ ရွာထဲကလူရှိအကုန်တန်းစီခိုင်းတယ်။ ပြီးတော့ ကျွန်မရှေ့မှာတင် ၅ ယောက်ကို PDF တွေနဲ့ပတ်သက်မှုရှိမရှိစစ်ဆေးမယ်ဆိုပြီး ခေါ်သွားတယ်။ ရွာနောက်ဘက်က ၂ ယောက်ကိုလည်းဖမ်းသွားတယ်။ အခုထိရွာထဲမပြန်ရဲသေးဘူး။ စစ်ခွေးတွေရှိနေသေးတယ်လို့ ကြားတယ်” ဟု ဒေသခံရွာသားတစ်ဦးက News Hive သတင်းဌာနသို့ပြောသည်။
အဆိုပါစစ်ကောင်စီတပ်များသည် ဆင်တဲကျေးရွာအတွင်း စခန်းချရန် လိုအပ်သည့်ပြင်ဆင်မှုများပြုလုပ်နေကြောင်းလည်း ဒေသခံများအဆိုအရ သိရသည်။
စစ်ကောင်စီတပ်များသည် ငလျင်ဘေးဒဏ်ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ရန်ဆိုကာ ယာယီအပစ်ရပ်ကြောင်းကြေညာခဲ့သော်လည်း လက်ရှိအထိ ပဲခူးတိုင်းဒေသကြီးရှိကျေးရွာများကို လက်နက်ကြီးများဖြင့်ပစ်ခတ်ခြင်း၊ စစ်ကြောင်းထိုးခြင်း၊ အကြောင်းမဲ့ဖမ်းဆီးခြင်းများ ဆက်တိုက်ကျူးလွန်နေကြောင်း ဒေသခံများထံမှ သိရသည်။