စစ်ကောင်စီတပ်များက ငလျင်ဘေးကူညီရန်သွားလာသူများကိုငွေကြေးကောက်ခံနေ

ပြည်တွင်းသတင်း - အထွေထွေ | Apr 12, 2025

News Thumbnail

စစ်ကောင်စီတပ်များက မန္တလေး-ပုဂံနှင့် မိတ္ထီလာမြို့များသို့သွားလာသည့်ယာဉ်များကို ရပ်တန့်စစ်ဆေးကာစစ်မှုထမ်းအသက်အရွယ်အကျုံးဝင်သည့်အမျိုးသားများပါသည့်ကားတစ်စီးလျှင် ၁၅ သိန်းမှ သိန်း ၅၀ အထိတောင်းယူနေကြောင်း သိရသည်။ 

စစ်ကောင်စီတပ်က စစ်မှုထမ်းအသက်ကို ၁၈ နှစ်မှ ၃၅ နှစ်အတွင်းသတ်မှတ်ထားကာ ယခုကဲ့သို့ ငွေညှစ်တောင်းယူနေခြင်းဖြစ်သည်။

“ ကျွန်မတို့အဖွဲ့က မန္တလေးဘက်ကိုအလှူလုပ်ဖို့သွားတာပါ။ လမ်းမှာ စစ်တပ်ဂိတ်ကတားစစ်ပြီး ကျွန်မတို့ကားတစ်စီးလုံးစာကို သိန်း ၃၀ တောင်းပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းတုန်းကလည်း အသိလူငယ်ယောက်ျားလေး ၉ ယောက်ကိုအကြောင်းမဲ့ဖမ်းခေါ်သွားတယ်။ ဘယ်ကိုမှလည်း ဆက်သွယ်လို့မရဘူး” ဟု အမည်မဖော်လိုသည့် ပရဟိတလုပ်ငန်းလုပ်ကိုင်နေသူ အမျိုးသမီးက ပြောသည်။

မြန်မာနိုင်ငံတွင်ဖြစ်ပွားခဲ့သော ငလျင်ကြောင့် ထိခိုက်ဆုံးရှုံးခဲ့ရသောပြည်သူများအတွက် ပြည်တွင်းသာမက နိုင်ငံတကာအဖွဲ့အစည်းများကပါ ကူညီပေးရန်ကြိုးစားနေကြသော်လည်း စစ်ကောင်စီတပ်များက ဟန့်တားခြင်း၊ ငွေကြေးတောင်းခံခြင်းများ ဆက်တိုက်ကျူးလွန်နေခြင်းဖြစ်သည်။

ထို့အပြင် စစ်ကောင်စီတပ်များသည် ငလျင်ဘေးသင့်ပြည်သူများ၏နေအိမ်များ ရှင်းလင်းပေးခြင်းအတွက် ငွေကျပ် ၁၀ သိန်းမှ သိန်း ၈၀ အထိ တောင်းခံခြင်း၊ စစ်မှုထမ်းအတွက် လူလိုက်လံစုဆောင်းခြင်း၊ စည်းရုံးခြင်းများကိုလည်း ဆက်တိုက်ကျူးလွန်နေသည်။

🔙 Back to News