ထိုင်းနိုင်ငံ၊ အယုဒ္ဓယခရိုင်တွင် ဟီးနိုးကုန်တင်ကားတစ်စီးအားစစ်ဆေးရာမှ စိတ်ကြွဆေးပြား ၁၀ သန်းခန့် ဖမ်းဆီးရမိကြောင်း Thirath သတင်းဌာနကဖော်ပြချက်အရ သိရသည်။
အယုဒ္ဓယခရိုင်အတွင်း မူးယစ်ဆေးဝါးများအများအပြားဝင်ရောက်လာနိုင်ကြောင်းသတင်းအရ အယုဒ္ဓယခရိုင်အမှတ် ၁၉၁ ရဲတပ်ဖွဲ့ဝင်များသည် ယာဉ်အသွားအလာစောင့်ကြပ်စစ်ဆေးခဲ့ကြောင်း သိရသည်။
ယင်းကဲ့သို့စစ်ဆေးရာမှ ဧပြီ ၆ ရက် ည ၇ နာရီကျော်တွင် ဘန်ပဟန်-ပထုန်ဌာနီလမ်းမပေါ်တွင် မောင်းနှင်လာသော အဖြူရောင် ဟီးနိုးကားတစ်စီးကိုစစ်ဆေးခဲ့ရာ ကားနောက်ခန်းအတွင်း ဂျင်းများတင်ဆောင်ထားသည့်အောက်တွင် စိတ်ကြွဆေးပြား ၁၀ သန်းခန့်ကို ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ထိုင်းအမျိုးသားရဲတပ်ဖွဲ့မှ ဒုရဲချုပ်နွန်းမားက ပြောသည်။
ယာဉ်မောင်းသည် အဆိုပါမူးယစ်ဆေးပြားများကို မြောက်ပိုင်းဒေသ၊ နန်းခရိုင်မှသယ်ဆောင်လာပြီး ဘန်ကောက်မြို့သို့ပို့ပေးမည်ဖြစ်ကာ သယ်ယူပို့ဆောင်ခအနေဖြင့် ဘတ် ၈ သန်းရရှိကာ ယင်းကဲ့သို့သယ်ယူပို့ဆောင်မှု ၅ လရှိပြီဖြစ်ကာ စိတ်ကြွဆေးပြား ၄ ကြိမ်သယ်ဆောင်ထားကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။
ထို့ကြောင့် ထိုင်းရဲတပ်ဖွဲ့အနေဖြင့် အမှုနှင့်ပတ်သက်သည့် ကွင်းဆက်များကိုဆက်လက်စုံစမ်း ဖော်ထုတ်သွားမည်ဖြစ်ကြောင်း သိရသည်။