ချင်းပြည်နယ်၊ ဖလမ်းမြို့ရှိ စစ်ကောင်စီ ခလရ ၂၆၈ တပ်ကုန်းကို ချင်းညီနောင် ပူးပေါင်းတပ်ဖွဲ့က ယနေ့(၂၀၂၅ ခုနှစ်၊ ဧပြီလ ၇ ရက်)တွင် သိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။
ဖလမ်းမြို့တစ်ခုလုံးသိမ်းပိုက်နိုင်ရန် ချင်းညီနောင်ပူးပေါင်းတပ်ဖွဲ့များသည် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၉ ရက်ကစတင်ခဲ့ကြခြင်းဖြစ်ပြီး ယနေ့တွင် ဖလမ်းမြို့ရှိစစ်ကောင်စီ၏နောက်ဆုံးလက်ကျန် ခလရ ၂၆၈ တပ်ကုန်းကိုသိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်သည်။
“ သတင်းကတော့မှန်ပါတယ်။ ဒါပေမဲ့ အသေးစိတ်အချက်အလက်ကိုတော့ သက်ဆိုင်ရာကနေ ထုတ်ပြန်ပါလိမ့်မယ်ခင်ဗျ” ဟု CNDF မှ တာဝန်ရှိသူတစ်ဦးက News Hive သတင်းဌာနသို့ပြောသည်။
စစ်ကောင်စီတပ်များသည် ခလရ ၂၆၈ ကိုလက်မလွှတ်ရရေးအတွက် ဧပြီလ ၆ ရက်အထိ အသည်းအသန်ခုခံခဲ့ပြီး လေကြောင်းတိုက်ခိုက်မှုများအပြင် လက်နက်ကြီးများနှင့်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ယခုအခါ ခလရ ၂၆၈ တပ်ကုန်းကိုသိမ်းပိုက်ရရှိပြီးနောက် ထွက်ပြေးသွားသော စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့သည် ဟားခါးမြို့ဘက်နှင့် ရိခေါရ်ဒါ တို့ဘက်သို့ ထွက်ပြေးသွားနိုင်ကြောင်း မြေပြင်သတင်းရင်းမြစ်များထံမှ သိရသည်။