ငလျင်ဘေးသင့်ဒေသများတွင် ဖြစ်ပျက်သဘောများအတွက် ဘာသာရေးပိုမိုကိုင်းရှိုင်းကြရန် စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကပြောသည်။
စစ်ကိုင်းမြို့သို့ ဧပြီလ ၆ ရက်က စစ်ကိုင်းအင်း၀တံတားပြိုကျမှုများအား သွားရောက်ကြည့်ရှုစဉ် ပြောကြားခြင်းဖြစ်ကြောင်း News Hive သတင်းဌာနမှစုံစမ်းသိရှိရသည်။
“ကျွန်တော်တို့အားလုံးရှေ့မှာ အဲဒီလိုပြောသွားတာ။ မသိရင် ငလျင်လှုပ်တဲ့ဒေသတွေကပဲ ဘာသာရေးမလုပ်ကြသလိုလိုနဲ့ အတော်လေးစွန့်အသွားတယ်” ဟု စစ်ခေါင်းဆောင်မင်းအောင်လှိုင် ပြောကြားမှုကို ကြားသိတွေ့မြင်ခဲ့ရသူတစ်ဦးက News Hive သတင်းဌာနသို့ပြောသည်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ဧပြီလ ၆ ရက်တွင် စစ်ကိုင်းမြို့ရှိ ငလျင်ကြောင့် ပြိုကျခဲ့သည့် မြတ်ကိုယ်ပိုင် အထက်တန်းကျောင်း၊ အမှတ် ၁ အခြေခံပညာအထက်တန်းကျောင်းနှင့် စစ်ကိုင်းအင်း၀တံတားပြိုကျမှုများသို့ သွားရောက်ခဲ့ကြောင်း သိရသည်။
အဆိုပါနေ့လည်ပိုင်းတွင် မန္တလေး မဟာမြတ်မုနိဘုရားသို့ စစ်ခေါင်းဆောင် သွားရောက်ခဲ့သလို မန္တလေးမြို့ရှိ တရုတ်ကယ်ဆယ်ရေးအဖွဲ့၊ အိန္ဒိယတပ်မတော် ဆေးကုသရေးအဖွဲ့၊ ဘယ်လာရုစ်၊ ရုရှားကူညီကယ်ဆယ်ရေးအဖွဲ့တို့နှင့်တွေ့ဆုံခဲ့ကြောင်း စစ်ကောင်စီထုတ်ပြန်ချက်အရ သိရသည်။