ငလျင်ဘေးခံစားခဲ့ရသောမြန်မာနိုင်ငံအတွက် နိုင်ငံတကာအလှူငွေများအနက် ကျပ် ၁၅ ဘီလျံကို စစ်သုံးစရိတ်အဖြစ်အလွဲသုံးစားလုပ်ရန်စစ်ကောင်စီစီစဉ်နေကြောင်း News Hive သတင်းဌာနမှ စုံစမ်းသိရှိသည်။
နေပြည်တော်အစိုးရအဖွဲ့ရုံးတွင် ပြီးခဲ့သော ၅ ရက်ကျင်းပခဲ့သည့်အစည်းအဝေးမတိုင်မီ စစ်ဗိုလ်ချုပ်များအကြားအတွင်းစကားအဖြစ်ဆွေးနွေးခဲ့ကြခြင်းဖြစ်ကြောင်း စစ်တပ်အကြီးပိုင်းများနှင့်နီးစပ်သူတစ်ဦးက News Hive သတင်းဌာနထံသတင်းပေးပို့ခြင်းဖြစ်သည်။
“ ဗိုလ်ချုပ်မောင်မောင်အေးက အကြံပြုတာကိုကြံတဲ့သူတွေကလည်းထောက်ခံတယ်။ ဒါပေမဲ့ သဘာ၀ဘေးအသုံးစရိတ်ကနေ ဘယ်လိုဖဲ့ထုတ်ကြမလဲဆိုတာကို အဖြေရှာနေကြတယ်။ မင်းအောင်လှိုင်ကလည်း ဒီအခြေအနေကိုသဘောကျတယ်” ဟု စစ်တပ်အတွင်းသတင်းပေးက News Hive သတင်းဌာနသို့ပြောသည်။
ငလျင်ဒဏ်ကြောင့်ထိခိုက်သေဆုံးသူများကို တစ်ဦးလျှင် ကျပ် ၁၀ သိန်းသာ ထောက်ပံ့သွားမည်ဖြစ်ကြောင်းလည်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က နေပြည်တော်အစိုးရအဖွဲ့ရုံးတွင် ဧပြီလ ၅ ရက်ကကျင်းပသည့်အစည်းအဝေးတွင် ပြောကြားထားသည်။
ငလျင်ကြောင့်သေဆုံးသူ ၃၃၅၄ ဦးရှိပြီး ထိခိုက်ဒဏ်ရာရရှိသူ ၄၅၀၈ ဦးနှင့်ပျောက်ဆုံးသူ ၂၂၀ ဦးရှိကြောင်း စစ်ကောင်စီကထုတ်ပြန်ထားသော်လည်း မြေပြင်အချက်အလက်များနှင့်တူညီမှုမရှိကြောင်း သက်ဆိုင်ရာအဖွဲ့အစည်းများထံမှ သိရသည်။