ပြီးခဲ့သောမတ်လ ၂၈ ရက်ကလှုပ်ခတ်ခဲ့သည့် အင်အားပြင်းငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့ရသော အမျိုးသားညီညွတ်ရေးအစိုးရ၏နယ်မြေများတွင် ကူညီကယ်ဆယ်ရေးများလုပ်ဆောင်နိုင်ခဲ့သော်လည်း စစ်ကောင်စီထိန်းချုပ်နယ်မြေများတွင် ဝင်ရောက်မကူညီနိုင်သဖြင့်ဝမ်းနည်းကြောင်း NUG ကထုတ်ပြန်သည်။
ဧပြီလ ၂ ရက်တွင်ထုတ်ပြန်သည့် ငလျင်ဘေး မြန်မာနိုင်ငံလုံးဆိုင်ရာ ပြည်သူ့ဝမ်းနည်းကြေကွဲမှုနှင့် နှစ်သိမ့်အားပေးမှု ရက်သတ္တပတ် ကြေညာခြင်း ထုတ်ပြန်ချက်တွင် ယခုကဲ့သို့ရေးသားထားခြင်း ဖြစ်သည်။
“အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် မိမိတို့၏ စိုးမိုးနယ်မြေများတွင် ငလျင်ဘေးဒဏ်သင့်လူထုကို ၇၂ နာရီအတွင်း ကူညီကယ်ဆယ်မှုများ အပြည့်အဝအားစိုက် လုပ်နိုင်ခဲ့သော်လည်း အကြမ်းဖက်စစ်ကောင်စီ စိုးမိုးဒေသများတွင် ကိုယ်ထိလက်ရောက် ဝင်ရောက်မကူညီနိုင်ခဲ့သည့်အတွက်များစွာဝမ်းနည်းစိတ်မကောင်းဖြစ်ရပြီး ငလျင်ဘေးသင့် ပြည်သူလူထုကို လေးနက်စွာ တောင်းပန်အပ်ပါသည်”ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ထို့ကြောင့် NUG အနေဖြင့် လာမည့်ဧပြီလ ၁၃ ရက်မှ ၂၀ ရက်အထိ ပူဆွေးမှုတွေအတွက် ပြည်သူအချင်းချင်းအားပေးနှစ်သိမ့်ရန် နိုင်ငံလုံးဆိုင်ရာပြည်သူ့ဝမ်းနည်းကြေကွဲမှုနှင့်နှစ်သိမ့်အားပေးမှု ရက်သတ္တပတ်အဖြစ်သတ်မှတ်ကြောင်းလည်းဖော်ပြထားသည်။
ထို့အပြင် အသက်ဆုံးပါးသွားသောပြည်သူများအတွက် အောက်မေ့သတိရဆုတောင်းပွဲပြုလုပ်ပြီး ဘာသာအလိုက်ကုသိုလ်ကောင်းမှုများပြုလုပ်ရန်လည်း ထုတ်ပြန်ချက်တွင်တိုက်တွန်းထားသည်။