ရန်ကုန်အရှေ့ပိုင်းခရိုင်တွင် ယနေ့မှစပြီး ၄ နာရီလာ၊ ၈ နာရီမီးဖြတ်စနစ်ကျင့်သုံးမည်

ပြည်တွင်းသတင်း - အထွေထွေ | Mar 24, 2025

News Thumbnail

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်တွင်လျှပ်စစ်မီးပေးဝေမှုကို ၄ နာရီလာ၊ ၈ နာရီဖြတ်စနစ်ပြောင်းလဲခြင်းကြောင့် အသေးစား၊အလတ်စားလုပ်ငန်းများ ရပ်နားရတော့မည်အထိခက်ခဲလာကြောင်း ပြည်သူများထံမှ သိရသည်။ 

ယခင်က ၄ နာရီလာ၊ ၄ နာရီပြတ်စနစ်ဖြင့်လည်ပတ်နေခြင်းဖြစ်ပြီး ယနေ့(မတ်လ ၂၄ ရက်)မှ စတင်ကာ ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင်တွင် ပါဝင်သည့် မြို့နယ်များကို ၄ နာရီလာ၊ ၈ နာရီပြတ်စနစ် ပြောင်းလဲခဲ့ခြင်းဖြစ်သည်။

“ အရင်ကတည်းက ၄ နာရီလာ၊ ၄ နာရီပြတ်စနစ်မှာလည်းမီးပြတ်ချိန်ကပိုများနေလို့ မုန့်တွေခဏခဏ ပျက်တယ်။ လွှင့်ပစ်ရတယ်။ အတော်ရှုံးနေတာကိုတောင့်ခံထားတာ။ အခုအတိုင်းဆို မုန့်တိုက်ကိုပိတ်ပစ်ရတော့မလိုတောင်ဖြစ်နေပြီ” ဟု ရန်ကုန်မြို့၊ ဒေါပုံမြို့နယ်တွင် ပေါင်မုန့်နှင့် ကိတ်မုန့်တိုက်လုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးက Newshive သတင်းဌာနသို့ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင်တွင် ရန်ကင်း၊ မြောက်ဒဂုံ၊ သာကေတ၊ ဒေါပုံ၊ သင်္ဃန်းကျွန်း၊ တာမွေ၊ မြောက်ဥက္ကလာပ၊ မင်္ဂလာတောင်ညွန့်၊ တောင်ဒဂုံ၊ အရှေ့ဒဂုံ၊ ဒဂုံဆိပ်ကမ်း၊ တောင်ဥက္ကလာပ၊ ဗိုလ်တထောင်၊ ပုဇွန်တောင်မြို့နယ်များ ပါဝင်သည်။

လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီးရှိအရှေ့ပိုင်းနှင့် အနောက်ပိုင်း ခရိုင် ၂ ခုကို နာရီအလှည့်ကျစနစ်၊ ကျန်ခရိုင် ၂ ခုကို ၄ နာရီလာ ၈ နာရီဖြတ်စနစ်ဖြင့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးနေပြီး ဓာတ်အားပိုမိုရရှိပါက ညပိုင်းတွင် အပိုဆောင်းပေးနေကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက ပြောဆိုထားသော်လည်း အမှန်တကယ်တွင် လျှပ်စစ်မီးပေးချိန်ထက်ပြတ်ချိန်ပိုများနေကြောင်း ဒေသခံများထံမှသိရသည်။

🔙 Back to News