အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်သည် အာဏာသိမ်းပြီးနောက် ပထမဦးဆုံးဘန်ကောက်ခရီးစဉ်အဖြစ် ထိုင်းနိုင်ငံသို့လာရောက်မည်ဖြစ်ကြောင်း သိရသည်။
၎င်းသည် ထိုင်းနိုင်ငံတွင်အိမ်ရှင်အဖြစ်ကျင်းပမည့် ၆ ကြိမ် မြောက် ဘင်္ဂလားပင်လယ်အော်ဒေသ နိုင်ငံများ၏ဘက်စုံနည်းပညာနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့ ဘင်းစတက် (BIMSTEC) အစည်းအဝေးသို့တက်ရောက်ရန် ဧပြီလ ၃ ရက်နှင့် ၄ ရက်တို့တွင် လာရောက်မည်ဖြစ်ကြောင်း သိရသည်။
ထိုင်းဝန်ကြီးချုပ်ပက်ထောင်တန် ရှင်နာဝပ်အစိုးရကဦးဆောင်ကျင်းပသည့် ထိပ်သီးအစည်းအဝေးသို့ BIMSTEC အဖွဲ့ဝင်နိုင်ငံအားလုံး၏ ခေါင်းဆောင်များတက်ရောက်မည်ဖြစ်ကြောင်းအတည်ပြုပြီး ဖြစ်သည်။
အိန္ဒိယဝန်ကြီးချုပ် နာရင်ဒြာမိုဒီသည် အဖွဲ့ဝင် ၇ နိုင်ငံဖြစ်သော သီရိလင်္ကာ၊ ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ မြန်မာ၊ နီပေါနှင့် ထိုင်းနိုင်ငံတို့မှ ခေါင်းဆောင်များနှင့်အတူ ပါဝင်တက်ရောက်မည်ဖြစ်သည်။
၁၉၉၇ ခုနှစ်တွင် ဘန်ကောက်မြို့၌ ဖွဲ့စည်းခဲ့သော BIMSTEC သည် ဘင်္ဂလားပင်လယ်အော်နှင့် နယ်နမိတ်ချင်းထိစပ်နေသော နိုင်ငံများအကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေရန် ရည်ရွယ်ကာ တောင်အာရှနှင့် အရှေ့တောင်အာရှကြား ဒေသတွင်း စီးပွားရေး၊ လူမှုရေးနှင့်ယဉ်ကျေးမှု ဆက်ဆံရေးများကို မြှင့်တင်ပေးရန် ရည်ရွယ်ထားကြောင်း သိရသည်။