စစ်ကောင်စီအာဏာသိမ်းပြီးနောက်ပိုင်း ရှမ်းပြည်နယ်တောင်ပိုင်းဒေသတွင် ဘိန်းစိုက်ပျိုးမှု နှစ်စဉ်မြင့်တက်လာကာ ၂၀၂၅ ခုနှစ်၊ မတ်လတတိယပတ်တွင် ဘိန်းမည်းတစ်ပိဿာလျှင် ကျပ် ၁၄ သိန်းအထိစျေးပေါက်လာကြောင်း သိရသည်။
စစ်ကောင်စီအာဏာသိမ်းပြီးနောက် နိုင်ငံရေး၊ တော်လှန်ရေးလှုပ်ရှားသူတွေများကိုသာ သတိထား စောင့်ကြည့်မှုများ၊ ဖမ်းဆီးထောင်ချများအဓိကထားလုပ်ဆောင်နေပြီး ဘိန်းစိုက်ပျိုးမှုအပါအဝင် မူးယစ်ဆေးဝါးလုပ်ငန်းများ၊ တရားမဝင်လုပ်ငန်းများကိုမူ ဒေသခံအာဏာပိုင်များ၊ စစ်တပ်၊ ပြည်သူ့စစ်များက ငွေကြေးရယူကာ ခွင့်ပြုပေးနေကြောင်း သိရသည်။
“ အင်းလေးက အရင်ကဘိန်းစိုက်တာ မရှိပါဘူး။ အာဏာသိမ်းပြီးနောက်ပိုင်းမှ ညောင်ရွှေအင်း၊ ဖယ်ခုံအင်း၊ စကားအင်း၊ မိုးဗြဲအင်းတို့မှာ စပြီးတော့ စိုက်လာကြတာ။ အင်းလေးကန်ရဲ့ အရှေ့ဖက်ကမ်းရော၊ အနောက်ဖက်ကမ်းရော ဘိန်းခင်းတွေ အတော်များလာပြီ” လို့ အမည်မဖော်လိုသောသတင်းရင်းမြစ်တစ်ဦးက Newshive သတင်းဌာနသို့ ပြောသည်။
ပအိုဝ်းပြည်သူ့စစ်နှင့် အင်းလေးပြည်သူ့စစ်တို့ ထိန်းချုပ်ထားသည့် ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟိုပုံး၊ ဆီဆိုင်၊ ပင်လောင်း၊ ညောင်ရွှေ၊ ကလောစသည့် မြို့နယ်များတွင် နှစ်စဉ်ဘိန်းစိုက်ပျိုးမှု မြင့်တက်လာနေပြီး ယခု ၂၀၂၅ နှစ်တွင် ဟက်တာ ၁၃၀၀၀ ကျော်အထိ ရှိလာနေပြီဖြစ်ပြီဖြစ်ကြောင်း ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့်ရာဇဝတ်မှုနှိမ်နင်းရေးအဖွဲ့ (UNODC)၏စာရင်းများအရ သိရသည်။
လက်ရှိတွင် ရေသွင်းစိုက်ပျိုးသည့်ရေခြံမှ ဘိန်းမည်းများ စတင်ထွက်ရှိလာနေပြီဖြစ်ပြီး ကုန်းခြံမှ စိုက်ပျိုးထွက်ရှိသည့် ဘိန်းမည်းများသည် တစ်ပိဿာလျှင်ကျပ် ၁၀ သိန်းကျပ်ဝန်းကျင်သာ ရရှိခဲ့သော်လည်း လက်ရှိထွက်ရှိသည့် ရေခြံဘိန်းမည်းများသည် တစ်ပိဿာလျှင် ကျပ် ၁၄ သိန်း ဝန်းကျင်အထိပေါက်ဈေးရှိလာနေကြောင်း သိရသည်။
“ကုန်းခြံကထွက်တာထက် ရေခြံကထွက်တဲ့ ဘိန်းမည်းက ဈေးပိုကောင်းရတယ်။ အရည်အသွေးလည်း ပိုကောင်းတယ်လေ။ ဘိန်းစိုက်တာတော့ နှစ်တိုင်းတိုးလာတာပဲ။ ဒါပေမဲ့ တကယ်စိုက်တဲ့သူတွေက မချမ်းသာပါဘူး။ စစ်တပ်ကိုပေးရ၊ ရဲကိုပေးရ၊ စရဖကိုပေးရ၊ SP ကိုပေးရ၊ ပြည်သူ့စစ်ကိုပေးရနဲ့။ ဘာမှကျန်တာမဟုတ်ဘူး။ စားဝတ်နေရေးပြေလည်ရုံပါပဲ”ဟု တောင်သူတစ်ဦးက Newshive သတင်းဌာနသို့ဖြေကြားသည်။
မြန်မာနိုင်ငံတွင် ၂၀၂၄ ခုနှစ်ကဘိန်းစိုက်ပျိုးဧရိယာ ၄၅,၂၀၀ ဟက်တာရှိခဲ့ပြီး ကမ္ဘာ့ဘိန်းစိုက်ပျိုးထုတ်လုပ်မှုအများဆုံးနိုင်ငံအဖြစ် ဆက်ရပ်တည်နေသကဲ့သို့ ရှမ်းပြည်နယ်သည် နိုင်ငံတဝန်း ဘိန်းစိုက်ပျိုးထုတ်လုပ်သည့် ၈၈ ရာခိုင်နှုန်းနှင့် အများဆုံးရှိခဲ့ကြောင်း ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုနှိမ်နင်းရေးအဖွဲ့ (UNODC)က ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက်က ထုတ်ပြန်ထားသည်။