ဒီမိုကရေစီပြန်ပေးလိုသော်လည်း လူ့အလိုနတ်မလိုက်နိုင်ဖြစ်နေကြောင်း မင်းအောင်လှိုင်ပြော

ပြည်တွင်းသတင်း - အထွေထွေ | Mar 21, 2025

News Thumbnail

အရိုးသားဆုံးပြောပါက မြန်မာနိုင်ငံကိုတည်ငြိမ်အေးချမ်းဖွံ့ဖြိုးတိုးတက်သည့်နိုင်ငံဖြစ်စေချင်ကြောင်း စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကပြောသည်။ 

နေပြည်တော်တွင် ယနေ့(၂၀၂၅ ခုနှစ်၊ မတ်လ ၂၁ ရက်)ကကျင်းပသည့်  Forum on Myanmar Beyond 2025 ဆွေးနွေးပွဲတွင်ယခုကဲ့သို့ပြောလိုက်ခြင်းဖြစ်သည်။

“အခုလည်း ကျွန်တော်ရိုးရိုးသားသား ပြောတာပါ။ တကယ်လည်း ကျနော်တို့ တိုင်းပြည်တည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်တဲ့ တိုင်းပြည်ဖြစ်ချင်ပါတယ်။  ထို့အတူပဲ တိုင်းရင်းသားတွေ ပြောနေတဲ့အခွင့်အရေးတွေလည်း ဒါတွေလည်း တော်တော်လေးရှိပါတယ်။ ဒါတွေနဲ့ပတ်သက်ရင်လည်း ကျွန်တော်တို့ကတော့ နိုင်ငံရေးမျှော်မှန်းချက်မှာပေးထားတာရှိတယ်။ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်ရေးဆိုတာ ကျွန်တော်တို့ ပေးခဲ့တာရှိတယ်။ ဖက်ဒရယ်အခွင့်အရေးတွေပေးဖို့ အဆင်သင့်ရှိတယ်။ သို့သော်လည်း သူ့ထိုက်သင့်တဲ့ဟာပေါ့။ ဒါတွေတော့ သွားရမှာပေါ့။ လူဆိုတာတော့ ဖြစ်ချင်တာ အများကြီးရှိတာပေါ့။ ကျွန်တော်တို့ ဖြစ်ချင်တာရှိတယ်။ ခင်ဗျားတို့လည်း ဖြစ်ချင်တာရှိတယ်။ လူ့အလို နတ်မလိုက်နိုင်ဆိုသလို အကုန်လုံးတော့ မဖြစ်နိုင်ဘူး။ ဖြစ်သင့်ဖြစ်ထိုက်တာတော့ဖြစ်အောင် ဥပဒေအရသွားရမယ်” ဟု စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကပြောသည်။

ထို့အပြင် မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုများကို စစ်တပ်ကကျူးလွန်ခြင်းမရှိဘဲ သဘောထားကွဲလွဲသူများကသာ ကျူးလွန်နေခြင်းဖြစ်ကြောင်းလည်း ၎င်းက ထည့်သွင်းပြောကြားသည်။

ပြီးခဲ့သော ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ပြည်သူတင်မြှောက်သောအစိုးရကို စစ်တပ်က ခွင့်မပြုဘဲ အာဏာသိမ်းပြီးလက်ရှိအထိအပြစ်မဲ့ပြည်သူများကို ဖမ်းဆီး၊ နှိပ်စက်၊ အကျဉ်းချ၊ သတ်ဖြတ်မှုများစွာ ကျူးလွန်နေဆဲဖြစ်သည်။

 

🔙 Back to News