စစ်‌ကောင်စီက ထီးလင်းမြို့နယ်၊ အလယ်ဘန်းရွာကိုဗုံးကြဲချရာ အထက်တန်းကျောင်းသူ ၂ ဦး အပါအဝင် ၄ ဦးသေဆုံး

ပြည်တွင်းသတင်း - နိုင်ငံရေး | Mar 21, 2025

News Thumbnail

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ်၊ အလယ်ဘန်းရွာကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ထီးလင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။

ဖြစ်စဉ်မှာ ထီးလင်းမြို့နယ်၊ အလယ်ဘန်းရွာကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာလေယာဉ်ဖြင့် မတ်လ ၂၀ ရက်၊ သန်းခေါင်ယံအချိန် ၂ နာရီခန့်တွင် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“ထိတွေ့ တိုက်ပွဲမရှိဘဲ ညသန်းခေါင်အချိန်ဗုံးလာကြဲတာပါ။ ရွာအလယ်တည့်တည့်ရော၊ နေရာအနှံ့ ဗုံးသီး အတော်များများချခဲ့ပါတယ်ဟု ထီးလင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှတာဝန်ရှိသူက News Hive သတင်းဌာနသို့ပြောသည်။

အဆိုပါဗုံးကြဲတိုက်မှုကြောင့် Grade 12 ကျောင်းသူ ၂ ဦး အပါအဝင် အရပ်သား ၄ဦးသေဆုံးပြီး၊ အပြင်းအထန် ၆ ဦး ဒဏ်ရာရကာသာမန် ထိခိုက်ဒဏ်ရာရသူ ၂၇ ဦးရှိကာ နေအိမ် ၆ လုံး မီးလောင်ပြာကျပြီး၊ ၁၂ လုံး အလုံးစုံပျက်စီးကာ ၄၀ ကျော်ခန့် အမိုးထရံ များ ပျက်စီးသွားကြောင်း ထီးလင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၏စာရင်းများအရ သိရသည်။

စစ်ကောင်စီသည် ဖေဖေါ်ဝါရီလကုန်ပိုင်းမှစတင်ကာ မြေလတ်အညာဒေသဖြစ်သည့် စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနှင့် မန္တလေးတိုင်းတို့ကို လေကြောင်းတိုက်ခိုက်မှုများမကြာခဏပြုလုပ်နေခြင်းဖြစ်သည်။

တော်တော်ကို ဒေါသဖြစ်ရပါတယ်။ ပြီးတော့ ပိုပြီး တော်လှန်ရမယ်လို့လည်း ခိုင်မာစွာ ဆုံးဖြတ်ရပါတယ်ဟု အညာမြေတပ်ပေါင်းစုမှ တာဝန်ရှိသူက ‌News Hive သတင်းဌာနသို့ပြောသည်။

ပြီးခဲ့သောဖေဖေါ်ဝါရီလ ၂၅ ရက်ကလည်း မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ဆုံကုန်းရွာ ဘုန်းတော်ကြီးကျောင်းတွင်ပြုလုပ်ခဲ့သည့် PDF မင်္ဂလာဆောင်ဗုံးကြဲမှုဖြစ်စဉ်နှင့်မတ်လ ၁၄ ရက်က ဖြစ်ပွားခဲ့သည့် မန္တလေးတိုင်း၊ လက်ပံလှရွာ ဈေးဆိုင်တန်း ဗုံးကြဲ ခံရမှု ဖြစ်စဉ်တို့၌ အရပ်သားများ အစုလိုက် အပြုံလိုက်သေဆုံးခဲ့သည်။

🔙 Back to News