ဖားကန့်ဒေသ၊ နမ့်မှော်ကျေးရွာအတွင်း နွံကန်လျှံကျလာသဖြင့် လူသွားလမ်းများပိတ်မိနေ

ပြည်တွင်းသတင်း - အထွေထွေ | Mar 21, 2025

News Thumbnail

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊နမ့်မှော်ကျေးရွာအတွင်းသို့ ယနေ့(မတ်လ ၂၁ရက်)၊ နံနက်ပိုင်းက နွံကန်လျှံကျလာသည့်အတွက် လူသွားလမ်းများပိတ်မိပြီး သွားလာရေးခက်ခဲနေကြောင်း ဒေသခံများထံမှ သိရသည်။

ယနေ့နံနက် ၈ နာရီဝန်းကျင်မှ စတင်ပြီး အဆိုပါရွှံ့နွံများက နေအိမ်များရှိသည့် လမ်းမအတိုင်းလျှံကျနေခြင်းဖြစ်ကြောင်း ဖားကန့်မြို့ခံများထံမှ သိရသည်။

နမ့်မှော်ကျေးရွာထဲ နေအိမ်တွေရှိတဲ့လမ်းမအတိုင်း တည့်တည့်ကိုလျှံကျလာတာ၊ အခုအဲဒီလျှံကျလာတဲ့နွံတွေကြောင့် ကား၊ ဆိုင်ကယ်တွေ လမ်းသွားလမ်းလာ ခက်ခဲသွားပြီ။ ကယ်ဆယ်ရေးအဖွဲ့တွေလည်း အမြန်ကူညီကယ်ဆယ်နိုင်ဖို့ ပြင်ဆင်နေကြတယ်” ဟု ဖားကန့်မြို့ခံတစ်ဦးက News Hive သတင်းဌာနသို့ပြောသည်။

ယခင်ရက်များကတည်းက အဆိုပါနွံကန်ပြိုကျနိုင်သည်ကို တာဝန်ရှိသူများထံ သွားရောက်ပြောဆိုခဲ့ကြသော်လည်း အရေးတယူမလုပ်ဆောင်ခဲ့ကြကြောင်း ဒေသခံများထံမှ သိရသည်။

ပြီးခဲ့သည့် ၂၀၂၀ ခုနှစ်၊ ဇူလိုင်လအတွင်း ဖြစ်ပွားခဲ့သည့် ဝှေခါကျေးရွာက ကျောက်စိမ်းလုပ်ကွက် ကမ်းပါးပြိုကျမှုကြောင့် ရေမဆေးကျောက်ရှာဖွေသူ ၁၇၀ ကျော် နွံနစ်သေဆုံးခဲ့ပြီး အသေအပျောက်အများဆုံးဖြစ်ခဲ့ကြောင်း သိရသည်။

🔙 Back to News