ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင်အတွင်း ကားအရောင်းနေရာများနှင့် ဝပ်ရှော့ အပါအဝင်ရေဆေးခုံများအထိလိုင်စင်မဲ့ကားများဖမ်းဆီးရန် စစ်ကောင်စီ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ လျှို့ဝှက်ညွှန်ကြားချက်ပေါက်ကြားလာကြောင်း News Hive သတင်းဌာနမှစုံစမ်းရရှိသည်။
လိုင်စင်မဲ့ကားများကို မူးယစ်ဆေးဝါးနှင့်တရားမဝင်လုပ်ငန်းများ လုပ်ဆောင်ရာတွင်လည်း လိုင်စင်မဲ့ကားများကို အသုံးပြုမှုများရှိနေသကဲ့သို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)နှင့် တော်လှန်ရေးတပ်ဖွဲ့များကလည်း အသုံးပြုမှုများရှိသည့်အတွက်ဟုအကြောင်းပြကာ ယခုကဲ့သို့ဖမ်းဆီးရန် ၂၀၂၅ခုနှစ် မတ်လ(၁၀)ရက်နေ့ ရက်စွဲဖြင့် ပေးပို့ ညွှန်ကြားလာခြင်းဖြစ်သည်။
“တောင်ကြီးမှာတော့ စဖမ်းနေပြီ။ တခြားမြို့နယ်တွေမှာတော့ ဖမ်းတာ မရှိသေးဘူး။ ကလော-တောင်ကြီး လမ်းမကြီးမှာတော့ ရှောင်တခင်စစ်ဆေးပြီး ငွေညှစ်တာမျိုးတော့ရှိတယ်။ ဌာနဆိုင်ရာဝန်ထမ်းတွေ ကိုယ်တိုင် လိုင်စင်မဲ့ကားပဲစီးနေကြတာကို အခုလိုဖမ်းတာတော့ လွန်တာပေါ့။ ငွေလိုချင်လို့ကို တမင်လုပ်တာလို့ ထင်တယ်”လို့ တောင်ကြီးမြို့နယ်မှဒေသခံတစ်ဦးက News Hive သတင်းဌာနသို့ပြောသည်။
ညွှန်ကြားချက်အရ လိုင်စင်မဲ့ ကားဖမ်းဆီးရေးကို ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးက ဦးဆောင်ပြီး ဖမ်းဆီးရေးအဖွဲ့ (၁၀)ဖွဲ့ဖြင့် ရပ်ကွက် နှင့် ကျေးရွာများရှိ လိုင်စင်မဲ့ယာဉ်သယ်ဆောင်သည့် လမ်းကြောင်းများ၊ ရောင်းဝယ်ပြုလုပ်သူများ၏ နေအိမ်များ အပြင် ကားဝပ်ရှော့နှင့် ကား/ဆိုင်ကယ် ရေးဆေးခုံများအထိပါ သွားရောက် ရှာဖွေ ဖမ်းဆီးသိမ်းဆည်းမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် တောင်ကြီးခရိုင်အတွင်း မြို့ဝင်မြို့ထွက်များ နှင့် မြို့ရှောင်လမ်းများတွင် အချိန်မရွေး လျပ်တပြတ် ရှောင်တခင် ပူးပေါင်းစစ်ဆေးခြင်းများ ပြုလုပ်မည်ဟုလည်း သိရပြီး လျှို့ဝှက်ညွှန်ကြားချက်တွင် တောင်ကြီး နှင့် ရပ်စောက်ကို အဓိကရည်ညွှန်းထားကြောင်း သိရသည်။
တောင်ကြီးမြို့အပါအဝင် ရှမ်းပြည်နယ်အတွင်း၌ ဌာနဆိုင်ရာဝန်ထမ်းများ အပါအဝင် ဒေသခံများက လိုင်စင်မဲ့ကားများကို အဓိကထားမောင်းနှင်အသုံးပြုနေကြပြီး တစ်ခါတစ်ရံ ဖမ်းဆီးမှုများ ရှိသော်လည်း ငွေကြေးဖြင့်ညှိနှိုင်းနိုင်ကြောင်းလည်း သိရသည်။