မြန်မာကလေးငယ် ၃၀၀ ကျော်ရှိသည့်စာသင်ကျောင်းကို ထိုင်းအစိုးရကပိတ်ပင်သည့်အပေါ် ဝေဖန်မှုများမြင့်တက်နေ

နိုင်ငံတကာသတင်း | Mar 18, 2025

News Thumbnail

ထိုင်းနိုင်ငံတောင်ပိုင်း၊ ဖူးခက်ကျွန်းတွင် မြန်မာကလေးငယ် ၃၀၀ ဦးကျော်ပညာသင်ယူနေသည့်ကျောင်းကိုရပ်နားရန် ထိုင်းအာဏာပိုင်များက ညွှန်ကြားသည့်အပေါ် ထိုင်းပြည်သူများကပါ ဝေဖန်နေကြကြောင်း NewsHive သတင်းဌာနမှစုံစမ်းရရှိသည်။

ဖြစ်စဉ်မှာ Ride with Gabi အမည်ဖြင့် Youtube တွင် ရုပ်သံတင်ဆက်သူက ဖူးခက် ငါးဖမ်းလှေဆိပ်အနီး အိမ်ခန်းများတွင် နေထိုင်သော မြန်မာနိုင်ငံသားများအကြောင်းကို The Other Side of Phuket အဖြစ်ရိုက်ကူးတင်ဆက်ခဲ့ပြီး ကြည့်ရှုသူပေါင်း ၅၀၀၀၀ ဦးဝန်းကျင်ရှိနေသည်။

အဆိုပါရုပ်သံတွင် မြန်မာနိုင်ငံသားများ၏စားဝတ်နေရေး ရုန်းကန်နေရပုံ၊ ကလေးငယ်များ ပညာသင်ကြားခွင့်နှင့် အလုပ်သမားများ အခွင့်အရေးအပြည့်အ၀မရရှိကြောင်းတို့ကို ထုတ်ဖော်ပြသခဲ့သဖြင့် ထိုင်းနိုင်ငံသားများအကြားတွင်ပါ နာမည်ကြီးလာသလို ဝေဖန်မှုလည်း မြင့်လာခဲ့ခြင်းဖြစ်သည်။

ထို့နောက် အဆိုပါစာသင်ကျောင်းနှင့်ပတ်သက်ပြီး မတ်လ ၁၇ ရက်တွင် ဖူးခက်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာပေါင်းစုံက သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့သည်။

အဆိုပါသတင်းစာရှင်းလင်းပွဲတွင်ထုတ်ပြန်ချက်များအရ စာသင်ကျောင်းတွင် လုပ်အားပေး သင်ကြားပေးနေသော နိုင်ငံခြားသားဆရာများနှင့်အတူ မြန်မာနိုင်ငံသား ၈ ဦးအပါအဝင် အသက် နှစ်မှ ၁၇ နှစ်အရွယ် မြန်မာကျောင်းသား ၃၀၀ ဦးကျော်ကိုလည်း တွေ့ရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ကျောင်းကို Good Shepherd Phuket Town ဖောင်ဒေးရှင်းက ဖွင့်လှစ်ထားခြင်းဖြစ်ပြီး မြန်မာကလေးငယ်များကို အခမဲ့ ပညာသင်ကြားပေးနေခြင်းဖြစ်ကာ စစ်ဆေးချက်အရ စာသင်ကျောင်းသည် ထိုင်းအစိုးရထံတွင် မှတ်ပုံတင်ထားခြင်းမရှိသဖြင့် ကျောင်းပိတ်ရန် ညွှန်ကြားခဲ့ကြောင်း သိရသည်။

“ ဒါက တော်တော်လေးဝမ်းနည်းစရာပါ။ ဒီကျောင်းကိုထောက်ပံ့ဖို့အတွက် အချိန်နဲ့ငွေကြေးတွေကို မြှုပ်နှံထားကြတာကိုလည်း ကျွန်မကိုယ်တိုင်ကိုယ်ကျသိပါတယ်။ ပြီးတော့ ကျွန်မရဲ့သားကြီးလည်း မနှစ်က နွေရာသီကျောင်းပိတ်ရက်မှာ အဲဒီမှာ စေတနာ့ဝန်ထမ်းလုပ်ခဲ့တယ်။ အခြေခံလူ့အခွင့်အရေးဖြစ်တဲ့ ပညာသင်ကြားခွင့်ကိုပံ့ပိုးပေးရမယ့်အစား အခုလိုလုပ်နေတဲ့အဖွဲ့အစည်းတွေကိုအံ့ဩမိတယ်” ဟု ထိုင်းနိုင်ငံသူတစ်ဦးဖြစ်သည့် မစ္စ ဂရေ့စ်က News Hive သတင်းဌာနသို့ပြောသည်။

လက်ရှိ စာသင်ကျောင်းအခြေအနေနှင့်ပတ်သက်ပြီး News Hive သတင်းဌာနအနေဖြင့် ကျောင်းတည်ထောင်ထားသည့် Good Shepherd Phuket Town ဖောင်ဒေးရှင်းထံ ဆက်သွယ်မေးမြန်းထားသော်လည်း ပြန်လည်ဖြေကြားခြင်းမရှိသေးပါ။

လက်ရှိစာသင်ကျောင်းတွင်လုပ်အားပေးနေသော အခြားနိုင်ငံခြားသားများမှာ အရေးယူခံရခြင်းမရှိနိုင်သော်လည်း ကျောင်းတည်ထောင်သူနှင့် စာသင်နေသည့်မြန်မာနိုင်ငံသားများမှာ အရေးယူခံရနိုင်ကြောင်း ထိုင်းသတင်းများတွင်လည်း ဖော်ပြထားသည်။

🔙 Back to News