ထိုင်းနိုင်ငံအတွင်းနေထိုင်ကြသည့် မြန်မာနိုင်ငံသားများအနေဖြင့် သံရုံးထောက်ခံစာယူလိုပါက မြန်မာနိုင်ငံမှ မိမိနေထိုင်ရာရပ်ကွက်နှင့် ရဲစခန်းထောက်ခံစာ တင်ပြရမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ရှိ စစ်ကောင်စီကောင်စစ်ဝန်ရုံးက မတ်လ ၁၈ ရက်တွင် ထုတ်ပြန်လိုက်သည်။
ထုတ်ပြန်ချက်အရ ဗီဇာနှင့်နေထိုင်ခွင့်သက်တမ်းတိုးကြရန် သံရုံးထောက်ခံချက်ရယူလိုပါက မိမိတို့နေထိုင်ရာ မြန်မာနိုင်ငံမှ ရပ်ကွက်နှင့် ရဲစခန်းထောက်ခံ စာ (မိတ္တူ)နှင့် ထိုင်းနိုင်ငံတွင် လက်ရှိနေထိုင်သည့်လိပ်စာပါရှိသော TM 30 မူရင်းကိုပါတင်ပြရမည်ဖြစ်ကြောင်း သိရသည်။
“CDM တွေနဲ့စစ်မှုထမ်းရှောင်သူတွေကို ပိုတိုးကြပ်တဲ့ပုံစံပဲ။ ကိုယ့်နိုင်ငံထဲလည်းနေမရ၊ သူများနိုင်ငံသွားနေတော့လည်း စိတ်ဒုက္ခလိုက်ပေးနိုင်တဲ့စစ်တပ်ပဲ” ဟု လက်ရှိ ထိုင်းနိုင်ငံတွင်နေထိုင်နေသူ ကိုကျော်စွာကမှတ်ချက်ပြုသည်။
ချင်းမိုင်မြို့ရှိ စစ်ကောင်စီကောင်စစ်ဝန်ချုပ်ရုံးအနေဖြင့် ခရီးသွားဗီဇာနှင့် ဗီဇာသက်တမ်းတိုး ထောက်ခံစာမှအပ ကျန်ထောက်ခံစာများထုတ်ပေးမည်မဟုတ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။
သံရုံးထောက်ခံစာများအတွက် ကြာချိန် ၃ ရက် သတ်မှတ်ထားပြီး နိုတြီလက်မှတ်အတွက်မူ ၁၄ ရက်အထိ ကြာနိုင်သောကန့်သတ်ချက်များကိုလည်း မတ်လ ၁၉ ရက်တွင်စတင်သွားမည်ဟု စစ်ကောင်စီလက်အောက်ခံ ချင်းမိုင်မြို့၊မြန်မာကောင်စစ်ဝန်ရုံးက ထုတ်ပြန်ကြေညာထားသည်။