မကွေးနှင့်စစ်ကိုင်းတိုင်းတို့တွင် စစ်ကောင်စီတပ်များက နေအိမ် ၅၀၀ ကျော်ကိုမီးရှို့၊ အရပ်သားများအားသတ်ဖြတ်

ပြည်တွင်းသတင်း - နိုင်ငံရေး | Mar 18, 2025

News Thumbnail

မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မြောင်မြို့နယ်ရှိကျေးရွာများကို စစ်ကောင်စီက စစ်ကြောင်းထိုးကာ နေအိမ်များအားမီးရှို့ဖျက်ဆီးပြီး ဒေသခံများကိုလည်း သတ်ဖြတ်ခဲ့ကြောင်း News Hive သတင်းဌာနမှစုံစမ်းရရှိသည်။

ဖြစ်စဉ်မှာ ပြီးခဲ့သောမတ်လ ၂ရက်ကစတင်ပြီး ပခုက္ကူတပ်မ ၁၀၁ နှင့်လက်အောက်ခံ တပ်ရင်းများဖြစ်သောရေစကြိုအခြေစိုက် ခလရ ၂၅၆၊ ခလရ ၂၅၇၊ ခလရ ၂၅၈ တို့ ပူးပေါင်း၍ ရေစကြိုမြို့နယ်၊ရေလယ်ကျွန်းဒေသရှိမြေစွန်းတော်ရွာကို စစ်ကြောင်းထိုးကာ နေအိမ်များကို မီးရှို့ပြီး ဒေသခံများကို သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။

လွတ်အောင်ထွက်မပြေးနိုင်တဲ့ သက်ကြီးရွယ်အိုတွေအပါအဝင် ဒေသခံပြည်သူတွေကို သတ်ဖြတ်ထားခဲ့တာဟု ရေစကြိုမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှတာဝန်ရှိသူက ပြောသည်။

အင်အား ၂၀၀ ကျော်ပါ စစ်ကောင်စီတပ်များသည် ရေလယ်ကျွန်းဒေသခံရွာသား ၁၈ ဦးကိုသတ်ဖြတ်ကာ မြေစွန်းတော်ရွာရှိ နေအိမ် ၂၆၆ လုံး၊ ဇရပ်နီရွာရှိ နေအိမ် ၆၈ လုံးနှင့် သာဂေါင်လေးရွာရှိ နေအိမ် ၂၀ တို့ကိုမီးရှို့ခဲ့ကြောင်း Yesagyo Township Info Committee ၏ စာရင်းများအရ သိရသည်။

ထို့အပြင် စစ်ကောင်စီတပ်များသည် မတ်လ ၁၂ ရက်ကလည်း မြောင်မြို့နယ်၊ ပန်းညိုရွာကို စီးနင်း ဝင်ရောက်ကာ မီးရှို့ခဲ့ကြောင်း မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့ (CDSOM) ထံမှ သိရသည်။

“ပန်းညိုက လက်ရှိစာရင်းအရ အိမ်ခြေ ၁၅၆လုံး စာရင်းရထားပါတယ်ဟု မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့ (CDSOM)မှ ကိုနွေဦးက ပြောသည်။

တော်လှန်ရေးအဖွဲ့များ၏စာရင်းများအရ ၂၀၂၅ ခုနှစ်၊ မတ်လအတွင်း စစ်ကောင်စီတပ်များ၏လက်ချက်ကြောင့် ရေစကြိုနှင့် မြောင်မြို့နယ်တို့ရှိ နေအိမ်ပေါင်း ၅၀၀ ကျော် မီးလောင်ပျက်စီးပြီး၊ ဒေသခံအရပ်သား ၁၈ ဦး သေဆုံးခဲ့ရသည်။

Data For Myanmar က ကောက်ယူထားသည့်စာရင်းများအရ နိုင်ငံတဝှမ်း စစ်ကောင်စီတပ်များကြောင့် အရပ်သားနေအိမ် ၁၀၀၀၀၀ ကျော်မီးလောင်ပျက်စီးထားသည်။

စစ်အုပ်စုလက်ချက်ကြောင့် နိုင်ငံတဝှမ်းအရပ်သား သေဆုံးသူဦးရေမှာ ၆၀၀၀ ကျော်ရှိကြောင်း နိုင်ငံရေးအကျဉ်သားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။

🔙 Back to News