အရပ်သားများအားဗုံးကြဲတိုက်ခိုက်နေသောစစ်ကောင်စီကိုအရေးယူပေးရန် NUG တောင်းဆို

ပြည်တွင်းသတင်း - အထွေထွေ | Mar 17, 2025

News Thumbnail
 
နိုင်ငံတကာလူ့အခွင့်အရေးစံနှုန်းများကိုချိုးဖောက်ပြီး အများပြည်သူနေရာများအား လေကြောင်းမှဗုံးကြဲတိုက်ခိုက်သည့်စစ်ကောင်စီကိုအရေးယူပေးရန် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကထုတ်ပြန်လိုက်သည်။
 
အများပြည်သူပိုင်နေရာများကို စစ်ကောင်စီက လေကြောင်းမှဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးသူငယ်များ သေဆုံးရခြင်းနှင့်ပတ်သက်ပြီး ၂၀၂၅ ခုနှစ်၊ မတ်လ ၁၇ ရက်တွင် ယခုကဲ့သို့ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။
 
“ ကျွန်တော်တို့ရွာဗုံးကြဲခံရတုန်းက ရွာမှာစတုဒီယာအလှူလုပ်နေချိန်ပေါ့။ ကောင်းကောင်းကြီးမှတ်မိပါသေးတယ်။ စုစုပေါင်း ၁၃ ယောက်သေတယ်။ အခုအချိန်အထိ စစ်ရှောင်ဘ၀နဲ့နေရတဲ့ဘ၀ကိုဖန်တီးခဲ့တဲ့ခွေးစစ်တပ်ကို ဒီတစ်သက်မေ့မှာမဟုတ်ဘူး” ဟု စစ်ကိုင်းတိုင်းဒေသကြီးမှ စစ်ဘေးရှောင်လာသူတစ်ဦးက ပြောသည်။
 
၂၀၂၃ ခုနှစ်မှ ၂၀၂၅ ခုနှစ် မတ်လ (၁၆) ရက်အထိ စစ်ကောင်စီသည် အရပ်သားပြည်သူဆိုင်ရာနေရာများကို လေကြောင်းတိုက်ခိုက်မှု (၂၁၉၀) မှုပြုလုပ်ခဲ့ပြီး ထိုကဲ့သို့ တိုက်ခိုက်မှုများကြောင့် ကလေးငယ်ပေါင်း (၃၇၂) ဦး အသက်ဆုံးရှုံးခဲ့ရကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနမှစာရင်းများအရ သိရသည်။
 
ထို့ကြောင့် စစ်ကောင်စီသည် လက်နက်ကိုင်ပဋိပက္ခများအတွင်း ကလေးသူငယ်များအား ကာကွယ် ပေးရမည့်အချက်များကို ကျူးလွန်ဖောက်ဖျက်ပြီး ကလေးငယ်များအပေါ် ကြီးမားသည့် ကျူးလွန်မှု (၆) မျိုးတွင် အပါအဝင်ဖြစ်သည့် ကလေးသူငယ်များကို ထိခိုက်သေကြေစေခြင်း၊ သတ်ဖြတ်ခြင်း ဆိုသည့်အချက်ကို ထင်ထင်ရှားရှား ကျူးလွန်ရာရောက်ကြောင်းလည်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ 
🔙 Back to News