တော်လှန်ရေးအင်အားစုများအကြား ဘုံညီညွတ်ရေးတည်ဆောက်ရန် အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက တိုက်တွန်းပြောကြားလိုက်သည်။
အမျိုးသားညီညွတ်ရေးအစိုးရ၏ ၈/၂၀၂၅ အစိုးရအဖွဲ့အစည်းအဝေးတွင် ယခုကဲ့သို့ပြောကြားခဲ့ခြင်း ဖြစ်သည်။
“ ကျွန်တော့်အနေနဲ့ ဒီနေ့ ပြုလုပ်ကျင်းပတဲ့ အစိုးရအဖွဲ့အစည်းအဝေးမှာ၊ တော်လှန်ရေး အင်အားစုများအကြား ဘုံညီညွတ်ရေး တည်ဆောက်နိုင်ဖို့ကိစ္စကို အလေးအနက်ထား ပြောကြားချင်ပါတယ်။ ဘုံညီညွတ်ရေးလို့ ပြောတဲ့နေရာမှာ၊ ဘုံရန်သူဖြစ်တဲ့ အကြမ်းဖက်စစ်ကောင်စီကို အမြစ်ပြတ် သုတ်သင်ချေမှုန်းရေးအတွက် အထူးပြု ရည်ရွယ်တာဖြစ်ပါတယ်” ဟု အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက ပြောသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက နိုင်ငံရေးကဏ္ဍ၊ နိုင်ငံခြားရေးကဏ္ဍ၊ စစ်ရေးကဏ္ဍ၊ အုပ်ချုပ်ရေးကဏ္ဍ၊ ဘဏ္ဍာရေးကဏ္ဍ၊ လူထုဆက်ဆံရေးကဏ္ဍများကို ပိုမိုထိရောက် အောင်မြင်စွာလုပ်ဆောင်နိုင်ရေး တိုက်တွန်းပြောကြားခဲ့သည်။
ထို့အပြင် ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနအနေဖြင့် တိုင်းဖက်ဒရယ်ယူနစ် ပေါင်းစပ်ညှိနှိုင်းရေးနှင့် ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရေးအဖွဲ့ ဖွဲ့စည်းပုံနှင့် လုပ်ငန်းလမ်းညွှန် အား တင်ပြဆွေးနွေးခဲ့ကာ အလုပ်သမားဝန်ကြီးဌာန ဒုဝန်ကြီး ဦးကျော်နီ က အလုပ်သမားဝန်ကြီးဌာန၏ လက်တလော ဆောင်ရွက်ချက်များအား တင်ပြဆွေးနွေးခဲ့ကြောင်း သိရပါသည်။