စစ်ကောင်စီ၏ရန်ကုန်မြို့တွင်းလျှပ်စစ်မီးပေးဝေမှုစုတ်ပြတ်ညံ့ဖျင်းကြောင်း ပြည်သူများဝေဖန်

ပြည်တွင်းသတင်း - အထွေထွေ | Mar 14, 2025

News Thumbnail
 
မြန်မာနိုင်ငံ၏စီးပွားရေးအချက်အခြာကျသည့်မြို့ဖြစ်သော ရန်ကုန်မြို့ကို စစ်ကောင်စီ၏ လျှပ်စစ်မီးပေးဝေမှုမှာ စုတ်ပြတ်နေကြောင်း ပြည်သူများက ဝေဖန်သုံးသပ်နေကြသည်။
 
လက်ရှိတွင် ရန်ကုန်တိုင်းရှိ ခရိုင်နှစ်ခုကို ၄ နာရီအလှည့်ကျစနစ်၊ ကျန်ခရိုင်နှစ်ခုကို လေးနာရီလာ ရှစ်နာရီ ပိတ်စနစ်ဖြင့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးနေပြီး ဓာတ်အားပိုမိုရရှိပါက ညပိုင်းတွင် အပိုဆောင်းပေးနေကြောင်း စစ်ကောင်စီလက်အောက်ခံလျှပ်စစ်စွမ်းအားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
 
“ သူ့ဟာသူ ဘယ်အချိန်ဘယ်လိုပေးတယ်ပြောပြော အချိန်တန် မီးကပြတ်ချင်ပြတ်တယ်။ လာချင်လာတယ်။ ပြည်သူကိုဖိနှိပ်ဖို့ကလွဲရင် ဘာမှအရည်အချင်းမရှိတဲ့စစ်တပ်ပဲ” ဟု ရန်ကုန်မြို့တွင်း နေထိုင်သူတစ်ဦးက ပြောသည်။
 
လက်ရှိတွင် အထပ်မြင့်အဆောက်အအုံများပြားသည့် အရှေ့ပိုင်းခရိုင်နှင့် အနောက်ပိုင်းခရိုင်တို့တွင် အုပ်စု A နှင့် အုပ်စု B ခွဲခြားပြီး ၄ နာရီအလှည့်ကျစနစ်ဖြင့် ဓာတ်အားဖြန့်ဖြူးပေးနေကာ တောင်ပိုင်းနှင့် မြောက်ပိုင်းခရိုင်တို့ကို ၄ နာရီပေး ၈ နာရီဓာတ်အားပိတ်စနစ်ဖြင့်လျှပ်စစ်မီးပေးထားကြောင်း သိရသည်။
 
ပြီးခဲ့သော ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် စစ်ကောင်စီအာဏာသိမ်းပြီးနောက် နိုင်ငံတကာက စစ်ကောင်စီနှင့်၎င်းတို့နှင့်ပတ်သက်သောအသိုင်းအဝိုင်းအား ပိတ်ဆို့မှုများဆောင်ရွက်ခဲ့ကာ လျှပ်စစ်မီးပေးဝေရေးစနစ်တွင်လည်း ယခင်ဒီမိုကရေစီအစိုးရအုပ်ချုပ်မှုထက် ပိုမိုဆိုးရွားလာခဲ့ကာ လျှပ်စစ်မီးကိုမှီခိုနေသည့်လုပ်ငန်းအများစု ရပ်နားရသည်အထိ ဆိုးရွားလာခဲ့ခြင်းဖြစ်သည်။
🔙 Back to News