ကမ္ဘာ့ဂရင်းနစ်စံချိန်တင် အချိန်အကြာဆုံး နမ်းနိုင်ကြသူများဖြစ်သည့်ထိုင်းစုံတွဲကွာရှင်းလိုက်ပြီ ဖြစ်ကြောင်း The Thaiger သတင်းဌာနဖော်ပြချက်အရ သိရသည်။
၎င်းတို့နှစ်ဦးသည် ကမ္ဘာပေါ်တွင် အချိန်အကြာဆုံး နမ်းနိုင်သူများအဖြစ် ဆယ်စုနစ်တစ်ခုကြာအောင် စံချိန်တင်ထားသူများဖြစ်သည်။
အေခချိုင်နှင့်လက်စနတို့နှစ်ဦးသည် လွန်ခဲ့သော ၂၀၁၃ ခုနှစ်က ပတ္တယားတွင် ကျင်းပခဲ့သော မာရသွန်အနမ်းပွဲတွင် နှုတ်ခမ်းချင်း ၅၈ နာရီ ၃၅ မိနစ်ကြာအောင် နမ်းနိုင်ခဲ့ပြီး ကမ္ဘာ့ဂရင်းနစ်စံချိန်ကို ထပ်မံတင်ထားနိုင်သူများဖြစ်ကာ ၂၀၁၁ ခုနှစ်က အချိန် ၄၆ နာရီ ၂၄ မိနစ်ကြာအောင် နမ်းနိုင်ခဲ့သော ၎င်းတို့၏စံချိန်ကိုထပ်မံချိုးဖျက်ထားခြင်းဖြစ်သည်။
လက်ရှိတွင် ၎င်းတို့နှစ်ဦးသား ကွာရှင်းလိုက်ပြီဖြစ်ကြောင်း အေခချိုင်က ပြီးခဲ့သော ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလက အတည်ပြုလိုက်သည်။
လက်ရှိတွင် ကွာရှင်းပြတ်စဲမှု အခြေအနေအသေးစိတ်ကို ထုတ်ဖော်ပြောဆိုကြခြင်းမရှိဘဲ တစ်ဦးနှင့် တစ်ဦး အချင်းချင်း လေးစားမှုကို ပြသနေဆဲဖြစ်ကြောင်း ၎င်းကဆိုသည်။
၂၀၁၃ ခုနှစ် မာရသွန်အနမ်းပွဲကျင်းပစဉ်က ၎င်းတို့နှစ်ဦးသား ခရီးထွက် အနားယူရန် စီစဉ်ထားသော်လည်း ဆုကြေးငွေ ဘတ် ၁ သိန်းနှင့် စိန်လက်စွပ်နှစ်ကွင်းက ၎င်းတို့ကို ဆွဲဆောင်ခဲ့သဖြင့် ထပ်မံဝင်ပြိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းပြိုင်ပွဲတွင် ၎င်းတို့နှစ်ဦး ဂရင်းနစ်စံချိန် ထပ်မံချိုးဖျက်နိုင်ခဲ့သော်လည်း အချို့ပြိုင်ပွဲဝင်များမှာ သတိလစ်ခြင်း၊ နေမကောင်းခြင်းများဖြစ်ခဲ့သဖြင့် ဆေးရုံတက်ရသည်အထိ ယှဉ်ပြိုင်မှု ပြင်းထန်ခဲ့ကြောင်း သိရသည်။