ထိုင်းမှတ်ပုံတင်အတုလုပ်ပေးမည်ဆိုကာ ထိုင်းနိုင်ငံရောက်တရုတ်နိုင်ငံသားများကို လိမ်လည်နေသည့် တရုတ်-မြန်မာစုံတွဲကို ၂၀၂၅ ခုနှစ်၊ မတ်လ ၅ ရက်ကဖမ်းဆီးလိုက်ကြောင်း ထိုင်းနိုင်ငံတွင်းသတင်းများဖော်ပြချက်အရ သိရသည်။
“CIB Game On” ဟုအမည်ပေးထားသည့် ထိုင်း ဗဟိုစုံစမ်းစစ်ဆေးရေးဗျူရို (CIB)၏စစ်ဆင်ရေးအတွင်း အဆိုပါစုံတွဲကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
တရုတ်နိုင်ငံသားတစ်ဦးသည် ပြီးခဲ့သော ၂၀၂၃ ခုနှစ်အတွင်း ထိုင်းမှတ်ပုံတင်များကို ဘတ်ငွေ ၁ သန်းဖြင့်တရားဝင်ပြုလုပ်ပေးမည်ဖြစ်ကြောင်း Facebook ပေါ်တွင်တွေ့ရှိပြီးနောက် အလုပ်အပ်ခဲ့သော်လည်း လိမ်လည်ခံခဲ့ရသဖြင့် တိုင်ကြားလာမှုကြောင့် စုံစမ်းစစ်ဆေးမှုစတင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါလိမ်လည်မှုကို အသက် ၄၃ နှစ်အရွယ် တရုတ်နိုင်ငံသား မစ္စတာ လီကျစ်ကျွမ်းနှင့် ၎င်း၏ ဇနီးဖြစ်သည့် မြန်မာနိုင်ငံသူ အသက် ၃၀ အရွယ် မအေးစန်းတို့ပူးပေါင်းကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
၎င်းတို့ ၂ ဦးသည် ထိုင်းဒေသခံအရာရှိများ၏အကူအညီဖြင့် နခွန်ရတ်ချဆီမာခရိုင်၊ မြူနီစပယ်ရုံးက ထုတ်ထားပေးသောထိုင်းမှတ်ပုံတင်အစစ်ကဲ့သို့တူညီသည့်ကတ်များကို လိမ်လည်ခံရသူများထံ ပေးအပ်ခဲ့ကြောင်း သိရသည်။
လိမ်လည်ခံရသူသည် ထိုင်းမှတ်ပုံတင်အတုရရှိပြီးနောက် ပတ်စ်ပို့လျှောက်ထားရာတွင် ထိုင်းလူဝင်မှုကြီးကြပ်ရေး (လဝက) အရာရှိ ၃ ဦးက မှတ်ပုံတင်အတုပြုလုပ်မှုဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့နောက် မှတ်ပုံတင်အတုပြုလုပ်အသုံးပြုမှုနှင့်စွဲချက်ရုတ်သိမ်းရန် ထိုင်းရဲများက ဘတ်ငွေ ၅ သန်း ပေးရန်တောင်းဆိုခဲ့ပြီးနောက် ဘတ် ၂ သန်းဖြင့် ညှိနှိုင်းခဲ့ကြောင်း သိရသည်။
ဆက်လက်စုံစမ်းမှုများအရ မစ္စတာလီသည် တရုတ်နိုင်ငံအတွင်း လူပေါင်း ၃၀၀၀ ကျော်ကို ထိုင်းဘတ်ငွေ ၁၅ ဘီလီယံဝန်းကျင်လိမ်လည်ပြီးထွက်ပြေးတိမ်းရှောင်းလာခဲ့သူဖြစ်ကာ ၁၀ နှစ်ခံကတ်ဖြင့် နေထိုင်နေကြောင်း သိရသည်။
အဆိုပါလိမ်လည်မှုများနှင့်ပတ်သက်ပြီး ပါဝင်သူ အရပ်သား၊ အရာရှိအားလုံးကို ဖမ်းဆီးအရေးယူသွားမည်ဖြစ်ကြောင်းလည်း ထိုင်းရဲတပ်ဖွဲ့ကကြေညာထားသည်။
ဓာတ်ပုံ - Khaosod English