ရှမ်းပြည်နယ်မှကရင်ပြည်နယ်သို့ပို့ဆောင်မည့် ကျပ် ၂၆ ဘီလျံနီးပါးတန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

ပြည်တွင်းသတင်း - အထွေထွေ | Mar 14, 2025

News Thumbnail
 
ပဲခူးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့တွင် ကျပ် ၂၅ ဒသမ ၅၈ ဘီလျံတန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၇၀၀ ကီလိုနှင့် ဘိန်းဖြူဘလောက်တုံး ၄၈၀ တုံး၊ အလေးချိန် ၁၆၈ ကီလိုဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
 
တာမွေမြို့မရဲစခန်းမှ မူးယစ်တရားခံပြေး ဇော်မြတ်ထွန်းသည် ရှမ်းပြည်နယ်မှ ရန်ကုန်သို့ မူးယစ်ဆေးဝါးများ သယ်ဆောင်သွားကြောင်း သတင်းရရှိသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ပိတ်ဆို့ရှာဖွေစစ်ဆေးမှုများ ဆောင်ရွက်နေစဉ် ဖေဖော်ဝါရီ ၁၆ ရက် နံနက် ၁ နာရီအချိန် ပဲခူးမြို့နယ်၊ ဘောနတ်ကြီးကျေးရွာအနီး၊ ရန်ကုန် - မန္တလေး(အမြန်လမ်း)၊ မိုင်တိုင်အမှတ်(၃၉)တွင် သတင်းရရှိထားသည့် ALPHARD ယာဉ်နှင့်အတူ နေမျိုးထက်အားဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
 
ဆက်လက်ပြီး ၎င်း၏ဖော်ထုတ်ချက်အရ ယင်းနေ့ မွန်းလွဲ ၂ နာရီခွဲအချိန် ရန်ကုန် - မန္တလေး(အမြန်လမ်း)၊ မိုင်တိုင်အမှတ်(၃၉/၄)အနီးရှိ ယာဉ်ရပ်နားဝင်းတွင် ရပ်တန့်ထားသည့် ALPHARD မော်တော်ယာဉ်ပေါ်မှ အိုက်စ်(မက်သ်အဖက်တမင်း) ၄၄၀ ကီလို သိမ်းဆည်းရမိခဲ့ကြောင်း၊ စစ်ဆေးဖော်ထုတ်ချက်အရ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဝမ်ဟိုင်းမှ ရန်ကုန်မြို့သို့ အိုက်စ်(မက်သ်အဖက်တမင်း) ၇၀၀ ကီလိုအား ကျပ်သိန်း ၁၀၅၀ ဖြင့် တာဝန်ခံသယ်ဆောင်ခဲ့သူ ဇော်မြတ်ထွန်း၊ ကျော်သူရစိုး၊ ကျော်သူဝင်း နှင့် စိုင်းအောင်သူရတင် တို့အား မင်္ဂလာဒုံမြို့နယ်တွင် WISH မော်တော်ယာဉ်တစ်စီးနှင့်အတူ ဆက်လက်ဖမ်းဆီးရမိခဲ့ကြောင်း၊ ၎င်းတို့၏ဖော်ထုတ်ချက်အရ ရန်ကုန်မှ မြဝတီသို့ ပို့ဆောင်မည့် အိုက်စ် ၂၆၀ ကီလိုနှင့် ဘိန်းဖြူ ဘလောက်တုံး ၁၆၈ ကီလိုအား လက်ခံထားရှိသူ အောင်ဇော်ဝင်းအား မရမ်းကုန်းမြို့နယ်၊ ဘုရင့်နောင်ကုန်စည်ကားဝင်းတွင် ဆက်လက်ဖမ်းဆီးရမိခဲ့ကြောင်း၊ မိတ္ထီလာမှ အမြန်လမ်း(၃၉)မိုင်သို့ မူးယစ်ဆေးဝါး သယ်ဆောင်ခဲ့သူ သူရိန်ထွန်း(ခ)သူရထွန်း အား ကမာရွတ်မြို့နယ်ရှိ ဟိုတယ်တွင်လည်းကောင်း၊ မူးယစ်ဆေးဝါးများသယ်ဆောင်ရာ၌ ပူးပေါင်းပါဝင်သူများဖြစ်သည့် ထက်နိုင်(ခ)ကိုကိုဝင်းသူ အား ရပ်စောက်မြို့တွင်လည်းကောင်း၊ ရဲမြင့်သိန်းအား အောင်ပန်းမြို့တွင်လည်းကောင်း၊ အမြန်လမ်း(၃၉)မိုင်မှ ရန်ကုန်မြို့၊ အမှတ်(၇)လမ်းမကြီးသို့ မူးယစ်ဆေးဝါးများ သယ်ဆောင်ပေးသူ ကိုကိုဝင်း အား ရေတာရှည်မြို့နယ်တွင် TOYOTA CROWN မော်တော်ယာဉ်တစ်စီးနှင့် လည်းကောင်း၊ ရန်ကုန်မှ မြဝတီသို့ မူးယစ်ဆေးဝါးများ ပို့ဆောင်သူ ရင်ပိုက်ဦး(ခ)ရန်ပိုင်(ခ)လွှမ်းပိုင်အား ပုသိမ်မြို့၌ လည်းကောင်း အသီးသီးဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
 
ထို့နောက် မူးယစ်ဆေးဝါးများသယ်ဆောင်ခဲ့သည့် Grand Tiger Double Cab ယာဉ်အား မိတ္ထီလာမြို့နယ်၊ အိုင့်ကျေးရွာတွင်လည်းကောင်း၊ TOYOTA HILUX SURF မော်တော်ယာဉ်အား မရမ်းကုန်းမြို့နယ်တွင်လည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် စုစုပေါင်းကျပ် ၂၅ ဒသမ ၅၈ ဘီလျံတန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၇၀၀ ကီလိုနှင့် ဘိန်းဖြူဘလောက်တုံး ၄၀၀ တုံး၊ အလေးချိန် ၁၆၈ ကီလို သိမ်းဆည်းရမိခဲ့ကြောင်း၊ စစ်ဆေးဖော်ထုတ်ချက်များအရ သိမ်းဆည်းရမိ မူးယစ်ဆေးဝါးများအား ရှမ်းပြည်နယ်မှ ကရင်ပြည်နယ်သို့ သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်း သိရသည်။
 
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ဖမ်းဆီးရမိသူများအား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားရှိပြီး မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းဝယ်ရာမှရရှိသည့် ငွေကြေးအကျိုးအမြတ်များ၊ ပိုင်ဆိုင်မှုများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ရေးအတွက် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေဖြင့် အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
🔙 Back to News