CDM သူရဲကောင်းများအား တန်ဖိုးထားဦးညွှတ်အလေးပြုပါကြောင်း ‌NUG ထုတ်ပြန်

ပြည်တွင်းသတင်း - နိုင်ငံရေး | Mar 14, 2025

News Thumbnail
 
အာဏာသိမ်းပြီးကာလမှစ၍ (၄) နှစ်တာကာလအတွင်း တော်လှန်ရေးမပြီးဆုံးခင် အသက်ခန္ဓာပေးဆပ်ခဲ့ကြသည့် CDM သူရဲကောင်းများအားတန်ဖိုးထားဦးညွှတ်အလေးပြုပါကြောင်း အမျိုးသားညီညွတ်ရေးအစိုးရက ထုတ်ပြန်ပြောဆိုသည်။
 
နိုင်ငံ့ဝန်ထမ်း CDM များသည် နွေဦးတော်လှန်ရေးကြီး၏ အဓိကအခန်းကဏ္ဍ တစ်ခုဖြစ်သည့် အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှုတွင် အရှိန်အဟုန်ဖြင့်ပါဝင်ခဲ့ကြသည့် (၄)နှစ် ပြည့်မြောက်မှု အထိမ်းအမှတ်အတွက် ၂၀၂၅ ခုနှစ်၊ မတ်လ ၉ ရက်တွင်ထုတ်ပြန်ခဲ့ခြင်းတွင် ယခုကဲ့သို့ဖော်ပြထားခြင်းဖြစ်သည်။
 
“ ဒီဘက်ကိုရောက်လာချိန်ကနေအခုထိ ထမင်းတောင်နပ်မမှန်တဲ့အထိ ခက်ခဲပါတယ်။ ဒါပေမဲ့ ကိုယ့်ယုံကြည်ချက်နဲ့ကိုယ်မို့ ဘယ်သူ့ကိုမှအပြစ်မတင်ဘူး။ လက်ရှိဘ၀မှာပဲ အကောင်းဆုံးနေထိုင်နေတယ်” ဟု ထိုင်းနိုင်ငံ၊ မဲဆောက်မြို့တွင်လက်ရှိနေထိုင်နေသူ လေတပ် CDM ဗိုလ်ကြီးတစ်ဦးက ပြောသည်။
 
နိုင်ငံ့ဝန်ထမ်း CDM များသည် အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် မိမိတို့၏ ရာထူး၊ အဆောင်အယောင်နှင့် ရပိုင်ခွင့်များကို စွန့်လွှတ်ခဲ့ကြသည်သာမက မိမိကိုယ်တိုင်နှင့် မိသားစုများ၏ လုံခြုံရေး၊ ကျန်းမာရေး၊ စားဝတ်နေရေး အစရှိသည့်တို့တွင် ထိခိုက်နစ်နာမှုများ အပြင်းအထန် ကြုံတွေ့ခဲ့ရပြီး အထွေထွေ အခက်အခဲများကြားမှ ယနေ့အချိန်အထိ ဆက်လက် ကြံ့ကြံ့ခံ တော်လှန်နေဆဲ ဖြစ်ကြောင်းလည်း အမျိုးသားညီညွတ်ရေးအစိုးရကဂုဏ်ပြုဖော်ပြထားသည်။
 
အဆိုပါထုတ်ပြန်ချက်တွင် အချက် ၇ ချက်ပါရှိပြီး စစ်အာဏာရှင်စနစ်နှင့် အာဏာရှင်စနစ်မှန်သမျှ အမြန်ဆုံးအပြီးတိုင် ကျဆုံးချုပ်ငြိမ်း၍ စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီး ပေါ်ထွန်းလာသည်အထိ တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးနှင့်လက်တွဲ၍ ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်းနှင့်အဆုံးသတ်ထားသည်။
🔙 Back to News