ထိုင်းနိုင်ငံ၊ ကန်ချနဘူရီပြည်နယ်အတွင်း အထောက်အထားမဲ့မြန်မာနိုင်ငံသား ၃၂ ဦး ဖမ်းဆီးခံခဲ့ရကြောင်း ထိုင်းသတင်းဌာနများတွင်ဖော်ပြချက်အရ သိရသည်။
မတ်လ (၇) ရက်နေ့ ညပိုင်းအချိန်ကလည်း ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာကြသည့် အသက် (၁၉) နှစ်မှ (၃၀) နှစ်ကြား အထောက်အထားမဲ့ မြန်မာနိုင်ငံသား အမျိုးသား (၂၅) ဦးနှင့် အမျိုးသမီး (၇) ဦး တို့အား ထိုင်းအာဏာပိုင်များမှ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
၎င်း အထောက်အထားမဲ့မြန်မာနိုင်ငံသားများသည် စစ်ကောင်စီ၏စစ်မှုထမ်းရန်ဖိအားပေးမှု၊ စီးပွားရေးကြပ်တည်းမှုစသည့်အကြောင်းရင်းများကြောင့် မြန်မာနိုင်ငံ၊ ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့မှ ထိုင်းနိုင်ငံထဲသို့တရားမဝင်ဝင်ရောက်လာကာ ကန်ချနဘူရီပြည်နယ်၊ ဆိုင်းဟော့မြို့နယ် ဘန်တီးကျေးရွာအနီး တောအုပ်အတွင်းပုန်းခိုနေစဉ် ထိုင်းအာဏာပိုင်များ၏ ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။
ဖမ်းဆီးခံခဲ့ရသည့် အထောက်အထားမဲ့ မြန်မာနိုင်ငံသားများသည် ရန်ကုန်၊ ပဲခူး၊ တနင်္သာရီ၊ မန္တလေးတိုင်းဒေသကြီး၊ မွန် နှင့် ရခိုင်ပြည်နယ်များမှဖြစ်ကြကာ၎င်းတို့အနေဖြင့် ပွဲစားဖြစ်သူအား တစ်ဦးလျှင် ထိုင်းဘတ်ငွေ (၃၀၀၀၀) ပေးခဲ့ရကြောင်းကို ထိုင်းအာဏာပိုင်များထံ ထွက်ဆိုချက်ပေးထားကြောင်းသိရသည်။
ထိုင်းအာဏာပိုင်များ၏ ဖမ်းဆီးခြင်းခံခဲ့ရသည့် အထောက်အထားမဲ့မြန်မာနိုင်ငံသားများအား ဆိုင်းယော့မြို့ရှိ ရဲစခန်းတွင် ထိန်းသိမ်းထားပြီး စစ်ဆေးမှုများလုပ်ဆောင်နေကြောင်းနှင့် ၎င်းတို့အား ထိုင်းနိုင်ငံဥပဒေများအရ အမှုဖွင့်အရေးယူသွားရန်ရှိကြောင်း သိရသည်။