စစ်ကောင်စီလက်ချက်ကြောင့် ရွှေစက်တော်ဘုရားပွဲလာရောက်သူနည်းပါးနေ

ပြည်တွင်းသတင်း - စီးပွားရေး | Mar 14, 2025

News Thumbnail
 
၁၀.၃.၂၀၂၅
 
မကွေးတိုင်းဒေသကြီး၊ မင်းဘူး၊ စကုမြို့နယ်အတွင်းရှိ မန်းရွှေစက်တော်ဘုရားပွဲတော်သို့ လာရောက်ဖူးမြှော်သူနည်းပါးနေသေးကြောင်း ရွှေစက်တော်ဂေါပကအဖွဲ့မှ သိရသည်။
 
ဘုရားပွဲတော်ကို ဖေဖော်ဝါရီ ၂ ရက်မှစတင်ဖွင့်လှစ်ကာ ဧပြီလ ၁၇ ရက်အထိဖွင့်လှစ်မည့်ဖြစ်သော်လည်း ရွှေစက်တော်ဘုရားအနီးကို စစ်ကောင်စီတပ်များ ထိုးစစ်ဆင်နေခြင်း၊ ဘုရားအနီးဝန်းကျင်တွင် စစ်ကောင်စီစခန်းများချထားခြင်းအပါအဝင် ပေါ်တာဆွဲမှုများပါရှိနေသဖြင့် ဘုရားဖူးနည်းပါးနေခြင်းဖြစ်ကြောင်း သိရသည်။
 
“ ဟိုတလောကတင် ရွာက ၆ ယောက်ကို ပေါ်တာဆွဲသွားတယ်။ ခဏခဏလည်း လက်နက်ကြီးနဲ့ချလိုက်၊ လှမ်းပစ်လိုက်နဲ့ဘယ်သူက လာရဲမလဲ” ဟု ရွှေစက်တော်ဘုရားပွဲတော်တွင် စျေးရောင်းချရန် စစ်ကောင်စီ၏ဖိအားပေးခံရသူတစ်ဦးက News Hive သတင်းဌာနသို့ ပြောသည်။
 
ရွှေစက်တော်ဘုရားသည် မင်းဘူးမြို့အနောက်တောင်ဘက် ၂၆ မိုင်ခန့်အကွာ စကုမြို့၏ အနောက်တောင်ဘက် ၁၆ မိုင်အကွာ အနောက်ရိုးမအရှေ့ဘက်ဆုံး တောင်စွယ်ပေါ်တွင်တည်ရှိကာ ဘုရားပွဲတော်ကို နှစ်စဉ် တပို့တွဲလဆန်း ၅ ရက်မှ မြန်မာနှစ်ဆန်း ၁ ရက်ထိ ကျင်းပလေ့ရှိသည်။
 
ယခု ၂၀၂၅ ခုနှစ်တွင် ဆိုင်ခန်းပေါင်း ၄၀၀ ခန့်နှင့်လူနေတည်းခိုဆောင် ၈၀၀ ခန့် ဆောက်လုပ်ပေးထားကြောင်း သိရသည်။
 
🔙 Back to News