မြန်မာဟစ်ဟော့ ၂၅ နှစ်ပြည့်ပွဲစီစဉ်သူများတွင် မည်သည့်စစ်တပ်အရာရှိ၏သားမှမပါဝင်ကြောင်း အဆိုတော်လန်ဘားက ဖြေရှင်းလာသည်။
မတ်လ ၁ ရက်နေ့မှ မတ်လ ၂ ရက်အထိကျင်းပခဲ့သည့် မြန်မာ Hip Hip ၂၅ နှစ်ပြည့်ပွဲ Noid Music Festival စီစဉ်သူများတွင် စစ်ကောင်စီစစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့(စရဖ) အရာရှိချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး (ဗိုလ်သင်တန်းကျောင်း အမှတ်စဉ် ၇၇) ၏သားဖြစ်သူထက်ရဲနောင်ပါဝင်ကာ စစ်ကောင်စီ၏အကာကွယ်ပေးမှုတို့ဖြင့်ကျင်းပခဲ့ကြောင်း သတင်းဌာနအချို့တွင်ဖော်ပြထားမှုအပေါ် ယခုကဲ့သို့ ဖြေရှင်းလာခြင်းဖြစ်သည်။
“ သတင်းဖော်ပြခဲ့တဲ့ မီဒီယာတွေအနေနဲ့လည်း သတင်းတစ်ပုဒ်တင်ဆက်မယ်ဆိုရင် မီဒီယာကျင့်ဝတ်နဲ့အညီ အချက်အလက်စစ်ဆေးပြီး fact check လေးသေချာလုပ်ဖို့ လေးစားစွာဖြင့် ကျွန်တော်တို့ အကြံပေးပါရစေ။ မှန်ကန်တဲ့သတင်းစီးဆင်းမှုဟာ ဒီခေတ်အခြေအနေမှာ ပိုပြီးတော့ အရေးကြီးပါတယ်” လို့ Hip Hop အဆိုတော် လန်ဘားက ၎င်း၏လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားထားသည်။
မြန်မာ Hip Hip ၂၅ နှစ်ပြည့်ပွဲ Noid Music Festival ကို စစ်တပ်အရာရှိသားပါဝင်ကြောင်း သတင်းအပေါ် သက်ဆိုင်ရာပွဲတာဝန်ရှိသူများက မဖြေရှင်းပေးသဖြင့် ဖြေရှင်းပေးရခြင်းဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။
သတင်းများတွင်ဖော်ပြချက်အရ အဆိုပါပွဲကိုဦးဆောင်ပါဝင်သူ ထက်ရဲအောင်၏ ဖခင် စရဖအရာရှိချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦးသည် ပြည်သူလူထုနှင့်တော်လှန်ရေးသမားများကို နေ့စဉ်ဖမ်းဆီးခြင်း၊ စစ်ကြောရေးစခန်းများတွင် နှိပ်စက်သတ်ဖြတ်ခြင်း၊ တော်လှန်ရေးကွန်ရက်များသို့ ထိုးဖောက်ဝင်ရောက်ခြင်း အစရှိသည့် အလုပ်များကို ဦးစီးလုပ်ကိုင် ဆောင်ရွက်နေသူ ဖြစ်ကြောင်း သိရသည်။