မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့သည် တော်လှန်ရေးအဖွဲ့သစ်များအတွက် အတုယူစရာစံပြဖြစ်နေကြောင်း AA နှင့် TNLA က ထုတ်ပြန်သည်။
ယနေ့ မတ်လ ၁၁ ရက်တွင် ကျရောက်သော MNDAA ထူထောင်ခြင်း ၃၆ နှစ်မြောက်အဖြစ် AA နှင့် TNLA တို့ပေးပို့သည့်ဂုဏ်ပြုသဝဏ်လွှာတွင် ယခုကဲ့သို့ဖော်ပြထားခြင်းဖြစ်သည်။
ULA/AA ၊ MNDAA နှင့် TNLA တို့သည် မြောက်ပိုင်းညီနောင်များအဖြစ်ဖြင့် အတူတကွ ရပ်တည်လာခဲ့သည်မှာ ၁၅ နှစ်အထိ ကြာမြင့်ခဲ့ပြီဖြစ်ပြီး ထို ၁၅ နှစ်အတွင်း အဖွဲ့ ၃ ခု၏ စည်းလုံးညီညွတ်မှုနှင့် ချစ်ခင်မှုများမှာ နောက်ပိုင်းတွင်ပေါ်လာသည့် တော်လှန်ရေးအဖွဲ့အစည်းသစ်များအတွက် အတုယူစရာဖြစ်နေသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဤကာလများ၌လည်း တော်လှန်ရေး၏ လောကဓံကို ဆိုးအတူ၊ ကောင်းအတူ အတူတကွ ရင်ဆိုင်ခဲ့ကြပြီးဖြစ်သလို တစ်ဖွဲ့ချင်းစီ၏ ရည်မှန်းချက်ပြည့်မြောက်ရန် ကျန် ၂ ဖွဲ့ကလည်း ပူးပေါင်းဆောင်ရွက်ပြီး အတတ်နိုင်ဆုံး ဖေးမကူညီခဲ့ကြကြောင်း MNDAA ထူထောင်ခြင်း ၃၆ နှစ်မြောက်အဖြစ် AA နှင့် TNLA တို့ပေးပို့သည့် ဂုဏ်ပြုသဝဏ်လွှာတွင် ဖော်ပြထားသည်။
ထို့အပြင် ကိုးကန့်အဖွဲ့အစည်း၏ ဖြတ်သန်းမှုသမိုင်းအပေါ် အခြေခံ၍ စိန်ခေါ်မှုများကို ကြံ့ကြံ့ခံရင်ဆိုင် ကျော်လွှားပြီး တစ်ခေတ်တစ်ခါတုန်းက ကိုးကန့်အခြေအနေသို့ ပြန်လည်ရောက်ရှိလာနိုင်မည်ကိုလည်း အပြည့်အဝ ယုံကြည်သည်ဟု ဖော်ပြထားသည်။