အမေရိကန်နှင့်ယူကေနိုင်ငံသားများ အိန္ဒိယနိုင်ငံကိုဖြတ်ကျော်ပြီးမြန်မာနိုင်ငံသို့ဝင်ရောက်ကာ လက်နက်ကိုင်တပ်ဖွဲ့များအား စစ်သင်တန်းပေးနေကြောင်း မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ် လာဒူဟိုးမားက ပြောသည်။
မတ်လ ၁၀ ရက်ကကျင်းပသော မီဇိုရမ်ပြည်နယ်လွှတ်တော်အစည်းအဝေးတွင် ယခုကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်ကြောင်း The Times of India သတင်းတွင်ဖော်ပြထားခြင်းဖြစ်သည်။
“ ပြီးခဲ့တဲ့နှစ် ဇွန်လကနေ ဒီဇင်ဘာလအတွင်း အိုက်ဇောကို နိုင်ငံခြားသား ၂,၀၀၀ နီးပါး လာရောက်လည်ပတ်ခဲ့ကြပေမဲ့ သူတို့ကို လမ်းမတွေပေါ်မှာ မတွေ့ခဲ့ရသလို သူတို့ရဲ့ အဓိက ရည်ရွယ်ချက်က ပြည်တွင်းရေးတွေမှာ ဝင်ရောက်စွက်ဖက်ဖို့ မြန်မာနိုင်ငံအတွင်းသို့ ဖြတ်ကျော်ဝင်ရောက်ဖို့ ဖြစ်တာကြောင့် စိုးရိမ်စရာဖြစ်နေပါတယ်” ဟု မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ် လာဒူဟိုးမားက ပြောသည်။
လက်ရှိမြန်မာ့ပဋိပက္ခတွင် တရုတ်နှင့်အမေရိကန်နိုင်ငံများ ပါဝင်လာနေတာကြောင့် အိန္ဒိယနိုင်ငံအနေဖြင့် နယ်စပ်ဒေသများကိုအနီးကပ်စောင့်ကြည့်နေကြောင်းလည်း ပြောကြားထားသည်။
ပြီးခဲ့သောရက်ပိုင်းကလည်း အိန္ဒိယနိုင်ငံဆိုင်ရာအမေရိကန်သံအမတ်က ကြိုတင်အသိပေးခြင်းမရှိဘဲ မီဇိုရမ်ပြည်နယ်ဆီလာရောက်လည်ပတ်ခဲ့သေးသည်။
အိန္ဒိယနိုင်ငံပြည်ထဲရေးဝန်ကြီးဌာနအနေဖြင့် မဏိပူရ၊ နာဂလန်းနှင့်မီဇိုရမ်နယ်စပ်တလျှောက် နိုင်ငံခြားသားများသွားလာလှုပ်ရှားမှုကို စောင့်ကြည့်ရန်ထုတ်ပြန်ထားကြောင်း သိရသည်။