အမေရိကန်အစိုးရ၏ရန်ပုံငွေဖြတ်တောက်မှုကြောင့် ဘင်္ဂလားဒေ့နိုင်ငံရှိ ရိုဟင်ဂျာဒုက္ခသည်စခန်းများမှ ကလေးငယ်များ အစာရေစာငတ်မွတ်မှုမြင့်တက်လာကြောင်း ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ (UNICEF) က မတ် ၁၁ ရက်တွင်ထုတ်ပြန်လိုက်သည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဇ်ဘဇားရှိ ရိုဟင်ဂျာဒုက္ခသည်စခန်းများရှိကလေးသူငယ် အာဟာရချို့တဲ့မှုသည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာကပ်ဘေးဖြစ်ပေါ်လာစေနိုင်သကဲ့သို့ ၂၀၁၇ ခုနှစ်နောက်ပိုင်း အဆိုးရွားဆုံးအာဟာရချို့တဲ့မှုကြုံတွေ့နေရကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ UNICEF ကိုယ်စားလှယ် ရာနာ ဖလားဝါးစ်က ပြောသည်။
ထို့အပြင် ဒုက္ခသည်စခန်းတွင်းပြင်းထန်အာဟာရချို့တဲ့မှုသည် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလနှင့် နှိုင်းယှဉ်ပါက ယခုနှစ်အတွင်း ၂၇ ရာခိုင်နှုန်းကျော် တိုးလာခဲ့ပြီး နေ့စဉ် အသက် ၅ နှစ်အောက် ကလေးသူငယ် ၃၈ ယောက်ထက်မနည်းအရေးပေါ် စောင့်ရှောက်မှုခံယူနေရကြောင်း သိရသည်။
အမေရိကန်နိုင်ငံတကာ ဖွံ့ဖြိုးရေးအေဂျင်စီ (USAID) အစီအစဉ်များ၏ ၈၀ ရာခိုင်နှုန်းဝန်းကျင်ကို ပယ်ဖျက်လိုက်ပြီဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြီးခဲ့သောမတ် ၁၀ ရက်တွင် ကြေညာခဲ့သည်။
ကော့ဇ်ဘဇားဒုက္ခသည်စခန်းတွင် ပြီးခဲ့သော ၂၀၁၇ ခုနှစ်ကတည်းက မြန်မာစစ်တပ်၏ လူမျိုးတုံး သုတ်သင်ရှင်းလင်းမှုများကြောင့် ထွက်ပြေးခိုလှုံလာသောရိုဟင်ဂျာဒုက္ခသည် ၁ ဒသမ ၂ သန်းကျော်ကိုလက်ခံထားခြင်းဖြစ်ပြီး အဆိုပါလူဦးရေအနက် ၅ သိန်းခန့်သည် ကလေးသူငယ်များ ဖြစ်ကြောင်း သိရသည်။
ယခုရက်ပိုင်းအတွင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ သွားရောက်ပြီး ကော့ဇ်ဘဇားဒုက္ခသည်စခန်းရှိ ရိုဟင်ဂျာဒုက္ခသည်များနှင့် တွေ့ဆုံသွားရန်ရှိကြောင်းလည်းသိရသည်။