အိန္ဒိယနိုင်ငံအနေဖြင့် မြန်မာနယ်နိမိတ်ပိုင် ကဘော်ချိုင့်ဝှမ်းကို မဏိပူရပြည်နယ်ထဲ ပြန်ထည့်ရန် ကြိုးပမ်းပါက နှစ်နိုင်ငံဆက်ဆံရေးထိခိုက်နိုင်ကြောင်း စစ်ကောင်စီပြန်ကြားရေးတာဝန်ခံ ဇော်မင်းထွန်းက ပြောလိုက်သည်။
စစ်ကောင်စီဝါဒဖြန့်မီဒီယာဖြစ်သည့် မြ၀တီမီဒီယာတွင် မတ်လ ၁၂ ရက်ညပိုင်းက ယခုကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်သည်။
“ မြန်မာနိုင်ငံရဲ့အချုပ်အခြာအာဏာနယ်မြေပိုင်ဆိုင်မှုကို လေးစားသင့်တယ်လို့ပြောကြားလိုပါတယ်” ဟု စစ်ကောင်စီပြန်ကြားရေးဗိုလ်ချုပ်ဇော်မင်းထွန်းက မြ၀တီမီဒီယာတွင် ပြောသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သောမတ်လ ၁၀ ရက်က အိန္ဒိယအထက်လွှတ်တော်၌ လွှတ်တော်ကိုယ်စားလှယ်များ လွတ်လပ်စွာ မေးမြန်းနိုင်ချိန်တွင် ဟိန္ဒူအမျိုးသားရေးပါတီ (BJP)မှ မဏိပူရအမတ် ဆာနာဂျိုဘာက ရန္တပိုစာချုပ် (၁၈၂၆) နှင့် ကဘော်တောင်ကြားစာချုပ် (၁၈၃၄) ကို အထောက်အထားအဖြစ် ကိုးကားပြီး ကဘော်ချိုင့်ဝှမ်းကို အိန္ဒိယထံပြန်အပ်ရန် သို့မဟုတ် လျော်ကြေးဆက်ပေးရန်တောင်းဆိုခဲ့ခြင်း ဖြစ်သည်။
မြန်မာ-အိန္ဒိယ နယ်စပ်သည် ကီလိုမီတာ ၁,၆၀၀ ကျော် ရှည်လျားပြီး တိုင်းတာပြီးစီးထားသည့် နယ်နမိတ်က ၁,၄၀၀ ကျော်ရှိကာ ကဘော်ချိုင့်ဝှမ်းသည်လည်း ယင်းထဲတွင်ပါဝင်ပြီးသားဖြစ်ကာ ၂၀၁၄ ခုနှစ်၊ မေလတွင် နှစ်နိုင်ငံကြား နားလည်မှုစာချွန်လွှာချုပ်ဆိုထားပြီးဖြစ်ကြောင်းလည်း စစ်ကောင်စီဘက်က ကြေညာထားသည်။