မယ်တော်ဆေးခန်းတည်ထောင်သူ ဒေါက်တာစင်သီယာမောင်ကို ထိုင်းနိုင်ငံ၊ ဗိစနုလုတ်မြို့ရှိ နရာဇ်ဆွန်တက္ကသိုလ်က Honorary Doctorate in ASEAN Studies ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ ပေးအပ်ချီးမြှင့်လိုက်ကြောင်း သိရသည်။
ဒေါက်တာစင်သီယာမောင်သည် ထိုင်း-မြန်မာနယ်စပ်တွင် စစ်ဘေးရှောင်ဒုက္ခသည်များနှင့် ရွှေ့ပြောင်းအလုပ်သမားများကို နှစ်ပေါင်းများစွာ ကျန်းမာရေးကုသစောင့်ရှောက်ပေးနေသည့် မယ်တော်ဆေးခန်းတည်ထောင်ထားသူဖြစ်သည်။
ထို့ကြောင့် မတ်လ ၁၁ ရက်ကကျင်းပခဲ့သော နရာဇ်ဆွန်တက္ကသိုလ်၏ ၂၀၂၅ ခုနှစ် ဘွဲ့နှင်းသဘင် အခမ်းအနားတွင် လက်ရှိ ထိုင်းဘုရင်၏အစ်မတော်မင်းသမီးကြီး မဟာချက္ကရီသီရိဒုံက ဂုဏ်ပြုလက်မှတ်ပေးအပ်ချီးမြှင့်ခဲ့ခြင်းဖြစ်သည်။
အသက် ၆၆ နှစ်ရွယ်ရှိ ဒေါက်တာစင်သီယာမောင်သည် အာရှနိုဘယ်ဆုလို့ တင်စားခေါ်ဝေါ်သည့် ရေမွန်မက်ဂ် ဆေးဆေးဆု၊ အာရှသူရဲကောင်းများဆု၊ ဆစ်ဒနီငြိမ်းချမ်းရေးဆုအပါအဝင် နိုင်ငံအရပ်ရပ်ကချီးမြှင့်သောလူမှုထူးချွန်ဆုပေါင်း ၁၈ ခုရရှိထားကြောင်း သိရသည်။
ဒေါက်တာစင်သီယာမောင်သည် မြန်မာပြည်ဖွား ကရင်တိုင်းရင်းသူ ဆရာဝန်တယောက်ဖြစ်ပြီး ရှစ်လေးလုံး မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှုအရေးအခင်းမှာ နယ်စပ်ဒေသကို ရောက်ရှိလာခဲ့ကာ ၁၉၈၉ ခုနှစ်ကစတင်ပြီး ထိုင်း-မြန်မာနယ်စပ်ဖြစ်သောမဲဆောက်မြို့၊ မယ်တော်ရွာတွင် ဆေးခန်းဖွင့်လှစ်ကာ ကျန်းမာရေးကုသစောင့်ရှောက်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။