အုန်းသီးများတင်ဆောင်လာသောယာဉ်တိမ်းမှောက်ရာမှ မူးယစ်ဆေးများဖမ်းဆီးရမိ

ပြည်တွင်းသတင်း - စီးပွားရေး | Mar 14, 2025

News Thumbnail
ထိုင်းမြောက်ပိုင်း၊ ဥဒရာ(ရ်)ဒစ်ခရိုင်တွင် အုန်းသီးများတင်ဆောင်လာသောယာဉ် တိမ်းမှောက်ရာမှ အိုက်စ်မူးယစ်ဆေး ၆၉ ကီလိုဂရမ်နှင့်စိတ်ကြွဆေးပြား ၄၅၀,၀၀၀ ဖမ်းဆီးရမိခဲ့ကြောင်း ThaiPBS သတင်းဌာန၏ဖော်ပြချက်အရ သိရသည်။
 
ဖြစ်စဉ်မှာ ပြီးခဲ့သောမတ် ၁၂ ရက်၊ ည ၇ နာရီခန့်က ဥဒရာ(ရ်)ဒစ်မြို့၊ ဘန့်ဟိုက်ဟရပ်ရှိ လမ်းမကြီးပေါ်တွင် ယာဉ်တစ်စီးတိမ်းမှောက်ကြောင်းသတင်းအရ ထိုင်းရဲတပ်ဖွဲ့နှင့်တာဝန်ရှိသူများက သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။
 
စစ်ဆေးချက်အရ ကားရှေ့ဘီးပေါက်ပြီးခေါင်းပေါင်းပျက်စီးနေသော အဖြူရောင်ဟိုင်းလပ်စ်ကားကို လမ်းမပေါ်တွင် ပြန့်ကြဲနေသည့်အုန်းသီးများနှင့်အတူတွေ့ရှိခဲ့ကြောင်း သိရသည်။
 
ဒါ့အပြင် အမည်းရောင်အိတ် ၆ လုံးတွေ့ရှိခဲ့ပြီး အိတ် ၂ လုံးတွင် အိုက်စ်မူးယစ်ဆေး ၆၉ ကီလိုဂရမ်နှင့် ကျန် ၄ အိတ်တွင် စိတ်ကြွဆေးပြား ၄၅၀,၀၀၀ တွေ့ရှိခဲ့ခြင်းဖြစ်သည်။
 
အဆိုပါအုန်းသီးများတင်ဆောင်လာသောကားသည် ဖရဲ့ခရိုင်၊ ဟွေ့လိုက်စစ်ဆေးရေးဂိတ်တွင် X-Ray စက်ဘေး ဖြတ်မောင်းခိုင်းသည်ကို အစစ်ဆေးမခံဘဲ မောင်းပြေးသွားသဖြင့် စောင့်ကြည့်ဖမ်းဆီးပေးရန် ဂိတ်တာဝန်ကျ ရဲတပ်ဖွဲ့က အကြောင်းကြားထားသောကားဖြစ်ကြောင်း စစ်ဆေးတွေ့ရှိခဲ့ကြသည်။
 
အဆိုပါအမှုနှင့်ပတ်သက်ပြီး လိုအပ်သည်များကိုဆက်လက်စစ်ဆေးဆောင်ရွက်နေကြောင်း သိရသည်။
🔙 Back to News