ရာဘာခြံကမြန်မာလုပ်သား ၂ ဦးအားပစ်သတ်ခဲ့သောထိုင်းနိုင်ငံသား ၃ ဦးကိုထိုင်းရဲတပ်ဖွဲ့ဖမ်းဆီး

ပြည်တွင်းသတင်း - အထွေထွေ | Mar 14, 2025

News Thumbnail
ရာဘာခြံတစ်ခုတည်းမှာအလုပ်အတူလုပ်ကိုင်ခဲ့ကြတဲ့မြန်မာနိုင်ငံသား ၂ ဦးကိုသေနတ်ဖြင့် ပစ်သတ်ခဲ့သည့် ထိုင်းနိုင်ငံသား ၃ ဦးကို ထိုင်းနိုင်ငံ၊ ရနောင်းရဲတပ်ဖွဲ့ကဖမ်းဆီးနိုင်ခဲ့ကြောင်း Khaosod Thai သတင်းဌာနဖော်ပြချက်အရ သိရသည်။
 
ဖြစ်စဉ်မှာ သတ်ဖြတ်ခံရသည့် မြန်မာနိုင်ငံသား ၂ ဦးနှင့် လူသတ်မှုကျူးလွန်ခဲ့သည့် ထိုင်းနိုင်ငံသား ၃ ဦးတို့သည် ရာဘာခြံတစ်ခုတည်းတွင် ရာဘာစေးခြစ်ကြသူများဖြစ်ကြကာ အလုပ်ရှင်ဖြစ်သူက မြန်မာအလုပ်သမားများကိုသာ အလုပ်တွင်ဆက်ထားရှိမည်ဟုဆုံးဖြတ်ခဲ့ပြီးနောက်ပိုင်းတွင် သူဌေးလူယုံဖြစ်လာသည့် မြန်မာနိုင်ငံသား ၂ ဦးက ၎င်းတို့အားအန္တရာယ်ပြုလာမည်ကိုစိုးရိမ်ခဲ့ကြောင်း ထိုင်းနိုင်ငံသား ၃ ဦးက ရဲတပ်ဖွဲ့ထံသို့ထွက်ဆိုသည်။
 
ထို့နောက် လက်ဦးမှုရယူသည့်အနေဖြင့် အဆိုပါထိုင်းနိုင်ငံသား ၃ ဦးက မြန်မာလုပ်သား ၂ ဦးကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၂၃ ရက်တွင် ပစ်သတ်ခဲ့ခြင်းကြောင်း သိရသည်။
 
မြန်မာနိုင်ငံသား ၂ ဦးကိုပစ်သတ်ပြီးနောက် အလုပ်ရှင်၏ကား၊ အဖိုးတန်ပစ္စည်းများအပါအဝင် မြန်မာနိုင်ငံသား ၂ ဦး၏နေအိမ်မှပစ္စည်းများကို သယ်ဆောင်ကာ မွေးရပ်မြေသို့ ထွက်ပြေးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
 
ထွက်ပြေးသွားသူ ၃ ဦးဖြစ်ကြသည့် အဓိကတရားခံ Bang Mad (၇၂ နှစ်)၊ ပူးပေါင်းကြံစည်သူ Sakorin (၂၂ နှစ်)နှင့် Wichai (၂၅ နှစ်) တို့အား ပြီးခဲ့သောမတ်လ ၁၂ ရက်က ရနောင်းခရိုင်အတွင်း ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
 
၎င်းတို့ ၃ ဦးအား လူသတ်မှု၊ ပစ္စည်းခိုးမှု စသည်တို့ဖြင့်စွဲချက်တင်ထားကာ ရဲတပ်ဖွဲ့က ဆက်လက်စစ်ဆေးနေကြောင်း သိရသည်။
🔙 Back to News