စစ်တပ်သည် ဒေါ်အောင်ဆန်းစုကြည်အား နိုင်ငံရေးကစားကွက်အရ အကျယ်ချုပ်ပြောင်းရွှေ့ခြင်း ဖြစ်ပြီး မည်သူနှင့်မှတွေ့ခွင့်ပေးရန်အစီအစဉ်မရှိသေးကြောင်း စစ်တပ်အတွင်းသတင်းပေးက Newshive သတင်းဌာနသို့ဖြေကြားသည်။
စစ်တပ်သည် ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ်အဖြစ်ရွှေ့ပြောင်းလိုက်ကြောင်း စစ်တပ်ဝါဒဖြန့်မြန်မာ့ရုပ်မြင်သံကြားက ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃၀ ရက်၊ ည ၈ နာရီသတင်းတွင် ထုတ်လွှင့်ခဲ့ခြင်းဖြစ်သည်။
“ အခု အစ်မကြီးရဲ့နေရာကိုတော့ ကျွန်တော်အတိအကျပြောပြလို့မရဘူး။ ကျွန်တော့်လုံခြုံရေးအရပါ။ ကျွန်တော်ထုတ်ပြောလိုက်ရင် ဘယ်သူဆိုတာသိသွားနိုင်လို့ပါ။ ဒါပေမဲ့ အစ်မကြီးကို ဘယ်သူနဲ့မှပေးတွေ့မှာမဟုတ်ဘူး။ အတွင်းအစည်းအဝေးဆုံးဖြတ်ချက်တွေအရ ၂၀၂၇ နှစ်လယ်ပိုင်းလောက်မှာ ဒီကိစ္စအခြေအနေထူးလိမ့်မယ်။ အခုတော့ နိုင်ငံရေးကျားကွက်အရ နိုင်ငံတကာမှာမျက်နှာပန်းပွင့်စေဖို့သပ်သပ်လုပ်တာ။ အကျယ်ချုပ်သာဆိုတာ လက်ရှိနေရာက အကျဉ်းထောင်နဲ့ဘာမှမခြားဘူး” ဟု စစ်တပ်အတွင်းသတင်းပေးက Newshive သတင်းဌာနသို့ပြောသည်။
စစ်တပ်သည် ဒေါ်အောင်ဆန်းစုကြည်အား ပြီးခဲ့သော ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်၊ နံနက်အစောပိုင်းတွင် ဖမ်းဆီးကာ ပုဒ်မများစွာဖြင့် အမှုစွဲဆိုခဲ့ပြီး လက်ရှိအထိ ဖမ်းဆီးထားခြင်းဖြစ်သည်။
လက်ရှိတွင် ဒေါ်အောင်ဆန်းစုကြည် အသက်ရှိသေးကြောင်း သက်သေပြပေးရန် ပြည်သူအများကတောင်းဆိုနေကြသည့်အပြင် တရုတ်နိုင်ငံ၏ဖိအားပေးမှုကြောင့် မြန်မာစစ်တပ်သည် ဒေါ်အောင်ဆန်းစုကြည်အား ယခုကဲ့သို့ထုတ်ပြလာခြင်းဖြစ်သည်။