ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့ရှိ “77777” KTV တွင် Tablet ကွဲသည့်ကိစ္စအစပြုရာမှ အငြိမ်းစားဗိုလ်ကြီးတစ်ဦးအား ရဲတပ်ဖွဲ့၊ အုပ်ချုပ်ရေးမှူးတို့က ဝိုင်းဝန်းထိုးကြိတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သောဧပြီလ ၂၄ ရက်ညက “77777” KTV တွင် Tablet ကွဲသည့်ကိစ္စနှင့်ပတ်သက်ပြီး အကြမ်းဖက်စစ်တပ်ဗိုလ်ကြီးဟောင်း စည်သူနိုင်နှင့်ဆိုင်ဘက် အငြင်းပွားခဲ့ကြကြောင်း သိရသည်။
ထို့ကြောင့် အဆိုပါကိစ္စကိုဖြေရှင်းရန် ရဲတပ်ဖွဲ့နှင့်အုပ်ချုပ်ရေးမှူးတို့ရောက်ရှိလာချိန်တွင် အဆိုပါ အငြိမ်းစားဗိုလ်ကြီးဟောင်းဆိုသူက ရဲတပ်ဖွဲ့အား ထပ်မံရန်စကားပြောဆိုချိန်တွင် ချောင်းသာရဲစခန်းမှူး မျိုးကိုကိုက "တပ်က ဗက ဆိုတော့ -- ဖြစ်လား" ဆိုကာ သေနတ်ဒင်ဖြင့် ထုရိုက်ခဲ့ကာ ရဲတပ်ဖွဲ့ဝင်များကပါ ပါဝင်ထိုးကြိတ်ခဲ့ကြောင်း သိရသည်။
ထို့နောက်ထပ်မံရောက်ရှိလာသော ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များကပါ ထပ်မံထိုးကြိတ်ခဲ့ရာ အငြိမ်းစားဗိုလ်ကြီးသည် ဦးခေါင်းပြင်းထန်ဒဏ်ရာရရှိခဲ့သဖြင့် ချောင်းသာဆေးရုံမှတစ်ဆင့် ပုသိမ်ပြည်သူ့ဆေးရုံကြီးသို့ အရေးပေါ် လွှဲပြောင်းပေးခဲ့ရကြောင်း သိရသည်။