စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်၊ ဘုံတိုရွာအား စစ်တပ်က အောက်တိုဘာလ ၆ ရက်တွင် ဗုံးကြဲတိုက်ခိုက်မှုကြောင့် လူဦးရေ ၅၀ ဦးကျော် ထိခိုက်သေဆုံးခဲ့ရကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဘုံတိုကျေးရွာတွင် အောက်တိုဘာလ ၆ ရက်၊ သီတင်းကျွတ်မီးထွန်းပွဲနှင့်အတူ ဆီမီးသပိတ်ကျင်းပနေစဉ် စစ်ကောင်စီက အဆိုပါည ၇ နာရီကျော်နှင့် ည ၁၁ နာရီကျော်အချိန်တို့တွင် လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
“ လူငယ်တွေဦးဆောင်ပြီး စစ်တပ်အာဏာသိမ်းတာကိုလက်မခံကြောင်း ဆီမီးသပိတ်လုပ်နေကြတာပါ။ လူတွေအများကြီးသေကုန်ကြပြီ။ မျက်စိထဲက အခုထိအဲဒီမြင်ကွင်း မထွက်တော့ဘူး” ဟု ဘုံတိုကျေးရွာတွင်နေထိုင်သူတစ်ဦးက ပြောသည်။
အဆိုပါဆီမီးပူဇော်ပွဲနှင့် သပိတ်ပွဲကို ဘုံတိုကျေးရွာနှင့်အနီးအနားရှိကျေးရွာ ၆ ရွာမှပြည်သူများ စုပေါင်းကျင်းပခြင်းဖြစ်ပြီး စစ်ကောင်စီ၏ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဘုံတိုကျေးရွာအပါအဝင် ၆ ရွာမှ ပြည်သူများသေဆုံးခဲ့ရကြောင်း သိရသည်။
လက်ရှိတွင် ဘုံတိုကျေးရွာအပါအဝင် အနီးအနားရှိကျေးရွာများမှပြည်သူများသည် နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။